လိုင်ဇာကို ပစ်ခတ်မှု အပစ်ရပ်စာချုပ်အား ထိခိုက်နိုင်ဟု CNF လက်ထောက် အတွင်းရေးမှုးချုပ်ဆို

လိုင်ဇာကို ပစ်ခတ်မှု အပစ်ရပ်စာချုပ်အား ထိခိုက်နိုင်ဟု CNF လက်ထောက် အတွင်းရေးမှုးချုပ်ဆို
by -
မဇ္စျိမ

ကေအိုင်အေဌာနချုပ် တည်ရှိရာ လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးသည့်အပေါ် ထိခိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးက ပြောသည်။

၎င်းက နိုဝင်ဘာ၂၅ ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်သည့် ကေအိုင်အေမှ ဗိုလ်လောင်း၂၃ ဦး ကျဆုံးမှုအပေါ် ချင်းအမျိုးသား ညီလာခံ ဘုံသဘောတူညီချက်များ အကောင်အ ထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီနှင့် စာနယ်ဇင်းများ တွေ့ဆုံ ပွဲတွင် ပြောခြင်းဖြစ်သည်။

Shwe-Khar

ဒေါက်တာရွှေခါးက "သတိပေးလိုတဲ့အနေနဲ့ ပစ်ခတ်လိုက်တာပါဆိုတဲ့ တပ်မတော်ရဲ့ ပြန်လည်ဖြေကြားချက်ကို ချင်းအမျိုးသားတပ်ဦးက လက်မခံပါဘူး။ ဒီကိစ္စကြောင့် ငြိမ်းချမ်းရေးကို သွားထိခိုက်နိုင်တာ သတိထားဖို့ လိုပါတယ်။ ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အချက်ကိုလည်း ထိခိုက်နိုင်ပါတယ် "ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မဟာမိတ်ရယူထားသည့် လက်နက်ကိုင် အဖွဲ့များ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့နှင့်ပူးပေါင်းကာ လိုင်ဇာတိုက်ခိုက်မှုကို ဆွေးနွေး သွားမည်ဟုလည်း ၎င်းကဆိုသည်။

ယင်းအပြင် တပ်မတော်ဘက်မှ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတစ်ခု၏ သင်တန်းကျောင်း တစ်ခုသို့ ပစ်ခတ်တိုက်ခိုက်မှုသည့် အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ချင်းအမျိုးသား ညီလာခံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်း မှု ကော်မတီက နိုဝင်ဘာ ၂၅ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်မှုကို ထိခိုက်နှောင့်နှေး မှု ဖြစ်စေနိုင်သည့် မည်သည့် အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို အပြင်းအထန် ရှုတ်ချပါသည်ဟုလည်း ပါဝင်သည့် ကော်မတီ၏ သဘောထားထုတ်ပြန်ချက်ကို တပ်မတော်၊ အစိုးရ၊ လွှတ်တော် ထံပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျုးလွန်သော တပ်ဖွဲ့နှင့် အဆင့်ဆင့်အုပ်ချုပ်မှုတို့ကို ပွင့်လင်းမြင် သာစွာဖြင့် ပြတ်ပြတ်သားသား စစ်ဆေးအရေးယူပေးရန် မဟာမိတ်နို်င်ငံရေးပါတီများနှင့်ပူးပေါင်းကာ တိုက်တွန်းတောင်းဆိုသွားမည်ဟုလည်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်း ရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က ကေအိုင်အေ ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာ ရခဲ့သည်။

Most read this week