အမျိုးသား ပညာရေး ဥပဒေ အလိုမရှိ ဟုဆိုကာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား များက နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး သပိတ်မှောက်ကြသည်။
ကျောင်းသားအင်အား ရ၀ခန့်ပါဝင်၍ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ပေရှစ်ဆယ်လမ်းဆုံနေရာတွင် သပိတ်မှောက်ကြခြင်း ဖြစ်သည်။
သပိတ်မှောက်ကျောင်းသားတို့က ဥပဒေပြင်ဆင်ပေးရန် အစိုးဖက်မှ တုန့်ပြန်မှုတစ်စုံတရာမရှိ မခြင်း ဆက်လက်တိုက်ပွဲ ဝင်မည်ဟု ပြောသည်။
နိုဝင်ဘာအစောပိုင်းအတွင်းပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးအပြီး ရန်ကုန်မြို့တွင်လည်း ကျောင်းသားသမဂတို့စုပေါင်း၍ နိုဝင်ဘာ ၁၄ရက်မှ စ၍ လေးရက်တိုင် သပိတ်မှောက်ကြသေးသည်။
ကျောင်းသားသမဂ္ဂတို့က အမျိုးသားပာရေးဥပဒေပါ ပြဋ္ဌာန်းချက်များသည် လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု ရှိနေပြီး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မပါ၀င်ခြင်း၊ ဒီမိုကရေစီမဆန်သော မူဝါဒများ၊ ငြိမ်ချမ်းစွာ ပညာသင်ကြားခွင့်ကို အာမံချက် မပေးနိုင်ခြင်း စသည်တို့ကြောင့် ပြင်းထန် စွာ ကန့်ကွက်ထားသည်။
ထို့ပြင် ရက်ပေါင်း ၆၀ အတွင်း အစိုးရနှင့် တာဝန်ရှိသူတို့က စေ့စပ်ညှိနှိုင်းမှု တစ်စုံတစ်ရာမရှိလျှင် သပိတ်တိုက်ပွဲများ နိုင်ငံအနှံ့ ဆောင်ရွက် မည်ဟု ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၈ရက်ကလည်း အစိုးရ၊ လွှတ်တော်၊ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) တို့နှင့် လေးပွင့်ဆိုင် ဆွေးနွေးရန် ဆန္ဒပြ ကျောင်းသားတို့ ထပ်မံတောင်းဆိုထားသည်။
လွှတ်တော် အမတ်အချို့နှင့် NNER တို့ကမူ အဆိုပါ တောင်းဆိုချက်ကို လက်ခံသည်ဟု မီဒီယာ တို့ကို ပြော ထားသည်။ ပညာရေး မြှင့်တင်မှု ကော်မတီ ယင်းသို့ ကမ်းလှမ်းချက်ကို ကူညီဆောင်ရွက်ပေးနိုင်သည်ဟု ယင်းနေ့၌ပင် ထုတ်ပြန်သည်။
ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီကလည်း ကျောင်းသားတို့ လေးပွင့်ဆိုင်တွေ့ဆုံရန် မတောင်းဆိုမီ နံနက်ပိုင်း၌ပင် အစိုးရ၊ လွှတ်တော်တို့ ပါဝင်၍ ကျောင်းသားတို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု မီဒီယာတို့ကို ပြောထားသည်။