ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က လက်နက်ကြီး ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့မှုအပေါ် ချင်းအမျိူးသား ဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) တို့က ၎င်းတို့ပါတီ သဘောထားများကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။
KIA ဗိုလ်လောင်းသင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုသည် NCCT နှင့် UPWC တို့ ဦးဆောင်မှုဖြင့် ဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်နစ်နာစေသည့် အတွက် အပြင်း အထန်ရှံု့ချ ကန့်ကွက်သည် ဟု နိုဝင်ဘာ ၂၄ ရက်စွဲဖြင့်ထုတ်ပြန်သော CNDP ၏ ကြေညာချက် တွင်ဖော်ပြထားသည်။
မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းကာ နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေး နွေးမှု အမြန်ဆုံး ပြန်လည်ဆောင်ရွက်ရန် နှင့် ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ် (NCA) လက်မှတ်ရေးထိုးပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိအစိုးရ သက်တမ်း အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆောင် ရွက်ရန် တိုက်တွန်းသည်ဟု ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ခြွင်းချက်မရှိလက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပူးပေါင်း ထောက်ခံဆောင်ရွက်ရန် CNDP က တိုက်တွန်းထားသည်။
အလားတူ ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီကလည်း နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြန်မာ အစိုးရ နှင့် တိုင်းရင်းသား အင်အားစုများ အနေဖြင့် နိုင်ငံရေး အရအဖြေရှာပြီး၊ စစ်မှန်သောငြိမ်းချမ်းရေး ရရှိစေရန် နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အလေးအနက် တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။
ကေအိုင်အိုဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီး ခရာတောင်ကုန်းမှာ တပ်စွဲထားသည့် မြန်မာ့တပ်မတော် ခမရ-၃၈၉ ခြေမြန်တပ်ရင်းက KIA ဗိုလ်လောင်း သင်တန်းကျောင်းကို နိုဝင်ဘာလ ၁၉ ရက်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗိုလ်လောင်းသင်တန်းသား ၂၃ ဦး သေဆုံးပြီး သင်တန်း နည်းပြအပါအဝင် သင်တန်း သား ၂၀ ခန့်ဒဏ်ရာရရှိခဲ့ကြသည်။