မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလတွင် ရခိုင်ပြည်နယ် အခြေအနေကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ပေးပို့သည့် ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး Mr Hugo Swire ၏ နိုဝင်ဘာ ၂၄ ရက် သတင်းထုတ်ပြန်ချက်တွင် ပါ၀င်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ထောက်ခံကြောင်းကိုလည်း ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးကို အဆုံးအဖြတ်ပေးမည့် ပြည်သူ ယုံကြည်ကိုးစားလောက် သည့် ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး ရခိုင်ပြည်နယ် အခြေအနေ ကိုလည်း မှန်ကန်စွာဖြေရှင်း နိုင်ရေးတို့ လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါ၀င်သည်။
ရခိုင်ပြည်နယ်၏ လူ့အခွင့်အရေးဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်တွေ မြို့မိမြို့ဖ ဦးသန်းထွန်းက “လူသားတွေ ရဲ့ မွေးရာပါ ဂုဏ်သိက္ခာကို တန်ဖိုးထားခဲ့လို့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားမဟုတ်သူတွေ အခြေချနေ ထိုင်ခွင့်ပြုထားတာပဲ။ လူ့အခွင့်အရေးဆိုတာနဲ့ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဆိုတာ နဲ့တော့ တူမှာမဟုတ်ဘူး။ နိုင်ငံတွင်းက ကိစ္စတွေကို အိမ်နီးချင်းနိုင်ငံတွေက ဖိအားပေးတာဟာ ပြေလည် ဖို့ထက် ပိုပြီးတောင် ဆိုးရွားသွားနိုင်တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းကို ဆန့်ကျင်ဆန္ဒ ပြမှုများဖြစ်ပေါ်လျက်ရှိပြီး စစ် တွေ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မောင်တောတို့တွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော် ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် က ဘူးသီးတောင်မြို့တွင် ထပ်မံဆန္ဒထုတ်ဖော်ခဲ့သေးသည်။
ထို့ပြင် ရိုဟင်ဂျာ (ကုလသမဂ္ဂ အခေါ်အဝေါ်) များကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ဥရောပသမဂ္ဂက ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး ၎င်းတိုက်တွန်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။