ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ် ကိုင်သူတို့ မဲပေးခွင့်မရှိ လွှတ်တော်ဆုံးဖြတ်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ် ကိုင်သူတို့ မဲပေးခွင့်မရှိ လွှတ်တော်ဆုံးဖြတ်
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို နိုဝင်ဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အပိုဒ်လိုက်ဆွေးနွေး အတည်ပြုခဲ့ကြရာ ယာယီသက်သေခံ လက်မှတ် (White card) ကိုင်ဆောင်ထားသူတို့ မဲပေးခွင့်မရှိဟူသည့် ဆုံးဖြတ်ချက်လည်း ပါဝင်သည်။

အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ စတင်ရေးဆွဲ တင်သွင်းစဉ်က အခန်း ၅၊ ပုဒ်မ ၁၁ (က) တွင် ပါရှိသည့် “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည် လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည်”ဟူသော စာသားများမှ ယာယီသက်သေခံ လက်မှတ် (White card) ကိုင်ဆောင်ထား သူကိုနုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

2010-Election-s

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ၁၅ ခု အပါအဝင် ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်း လှိုင်၏ ပြင်ဆင်ချက်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးလွင်ဦးနှင့် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း တို့၏ ပြင်ဆင်ချက်များကို ဆွေးနွေးခဲ့ကြရာ မဲပေးခွင့်ရှိသူနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်ကို ဆုံးဖြတ်ရာတွင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တည်ဆဲဥပဒေ အကိုးအကား များဖြင့် ထောက်ပြလာခြင်းကြောင့် အချေအတင် ဖြစ်ပြီး လွှတ်တော်ကို ခေတ္တ ပိတ်ရပ်နားကာ မိနစ် ၂၀ ခန့် ညှိနှိုင်းပြီးမှသာ ဆုံးဖြတ်အတည်ပြုနိုင် ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့လွှတ်တော်ဆိုင်ရာ ရွေးကောက် ပွဲဥပဒေ၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ တွေရဲ့ အခန်း ၄၊ ပုဒ်မ (၆) မှာ မဲပေးခွင့် ရှိသူများနဲ့ပတ်သက်ပြီး ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူ များလည်း ပါ၀င်ပါတယ်၊ ဒါဟာ တည်ဆဲဥပဒေ ဖြစ်နေတဲ့အတွက် အဲဒီပုဒ်မ (၆)အတိုင်းအတည်ပြု သင့်ပါတယ်” ဟု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြဝင်းက ဝေဖန်ထောက်ပြသည်။

ဥပဒေကြမ်းကော်မတီသည် မူလရေး ဆွဲထားသည့် မဲပေးခွင့်ရှိသူ လေးမျိုးအနက် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ထားသူ နှစ်မျိုးတို့ကို ပယ်ဖျက်ကာ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရ သူဟူသော နှစ်မျိုးကိုသာ ချန်ထားခဲ့ပြီး ဒေါ်ခင်စန်းလှိုင် ၏ ပြင်ဆင်ချက်တွင်မူ ဧည့်နိုင်ငံသားကို ဥပဒေ ကြမ်းကော်မတီက ပြင်ဆင်ထားသောနှစ်မျိုးတွင် ထပ်ဖြည့် ကာ မဲပေးခွင့်ရှိသူ သုံးမျိုးအဖြစ် ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခ ံဥပဒေအတည် ပြုနိုင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့စဉ်ကမူ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတို့ကို မဲပေး ခွင့်ပြုခဲ့ရာ ရခိုင်ပြည်နယ်တွင် ဦးရေ လေးသိန်းကျော်နှင့် ဝ၊ ကိုးကန့်တို့ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း တွင် နှစ်သိန်းခန့်၊ ပေါင်း ခြောက်သိန်းကျော် ရှိခဲ့သည်ဟု အမျိုးသား လွှတ်တော်အမတ်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်သူ့ လွှတ်တော်တို့ ဆွေးနွေးညှိနှိုင်းအပြီးတွင် ဝှိုက်ကတ် ကိုင်ဆောင် သူတို့ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဆိုင် ရာ ရွေးကောက်ပွဲ ဥပဒေများတွင် မဲပေးခွင့်ပြု ထားသော်လည်း ယခုကဲ့သို့ မိခင်ဥပဒေ ကြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ် ဆန္ဒယူပွဲ ဥပဒေတွင်မူ လွှတ်တော်၏ ဆန္ဒအရ သာဆုံးဖြတ်ကြရမည် ဟူသည့်လွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ထိုသူတို့အား မဲပေးခွင့်မပြုရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

Most read this week