သိန္နီစော်ဘွား နှစ် ၁၀၀ ပြည့် နန်းသစ်တက် အထိမ်း အမှတ်ပွဲ ဒု-သမ္မတ နှင့် သျှမ်းအထင်ကရ ပုဂ္ဂိုလ်များ တက်ရောက်

သိန္နီစော်ဘွား နှစ် ၁၀၀ ပြည့် နန်းသစ်တက် အထိမ်း အမှတ်ပွဲ ဒု-သမ္မတ နှင့် သျှမ်းအထင်ကရ ပုဂ္ဂိုလ်များ တက်ရောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့တွင် စော်ဘွားကြီး ခွန်ဆန်တုန့်ဟုန်း နန်းသစ်တက်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်း အမှတ် ပွဲနှင့်တူ မဟာ မြတ်မုနိဘုရား နှစ် ၁၀၀ ပြည့် ရေစက်ချပွဲ အခမ်းအနားသို့ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် အတူ အထင်ကရ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၂၄ မှ၂၈ ရက်နေ့အထိ ကျင်းပမည့် ပွဲတော်ဖွင့်ပွဲသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ သမိုင်း ပညာရှင် ဆရာ စိုင်းအောင်ထွန်း  နှင့် ဒေါက်တာစိုင်းဆန်အိုက်၊ နိုင်ငံကျော်တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် ညောင်ရွှေ စော်ဘွားကြီး၏ သားတော် စဝ်ဟန်ယောင်ဟွေတို့တက်ရောက်သည့်အပြင် သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်ဝန်ကြီးများလည်း တက်ရောက်သည်။

006-SW

ထို့ပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA  RCSS/SSA  တို့မှ ခေါင်းဆောင်ပိုင်းအချို့လည်းတက်ရောက်သည်။

စည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း နှောင်နှစ်များလည်း ယခုကဲ့သို့စုံစုံညီညီ မြင်တွေ့ရလိုကြောင်း၊ စည်းလုံးညီညွတ်မှုမရခြင်းသည် အားနည်းချက်တခုဖြစ်ကြောင်း  ဒုတိယ သမ္မတ စိုင်းမောက်ခမ်းကပြောသည်။

ပွဲတက်လာသည့် နမ့်ခမ်းမြို့မှ ပရိသတ်တဦးက “စည်ကားတယ်ဗျာ။ အားရကျေနပ်တယ်။ မကျေနပ်တာ ဆိုလို့ တခုဘဲရှိတယ်။ ပွဲကြေငြာသူရော ဆရာစိုင်းမောက်ခမ်းရော ခွန်ဆန်တုန့်ဟုန်းရဲ့ နန်းသစ်တက်ခြင်းနှစ် ၁၀၀ ပြည့်ပွဲလို့ တခွန်းမှပြောမသွားဘူး။ မဟာမြတ်မုနိ နှစ် ၁၀၀ ပြည့်ပွဲဘဲပြောသွားတယ်။ ဘာသဘောလဲတော့မသိဘူး” ဟုပြောဆိုသည်။

နေ့လည်ပိုင်းတွင်မူ သမိုင်းပညာရှင် ဆရာစိုင်းအောင််ထွန်းက သျှမ်းစာပေနှင့် ပတ်သက်ပြီး ပြောသွားခဲ့သည်။

လူတိုင်းနီးပါး မိမိစာပေတတ်မြောက်ပါက မိမိပြည်နယ်နှင့် စာပေ ဘာသာစကား တို့သည် တိုးတက်မည် မလွဲဖြစ် ကြောင်း ပြောဆိုခဲ့သည်။

ပွဲဖြစ်မြောက်ရေးကော်မတီ စိုင်းခွန်လိတ်က “အမျိုးဘာသာ သာသနာ မပျောက်အောင် နဲ့ ရှိနေတဲ့ ယဉ်ကျေး မှုကို လူငယ်တွေ လေ့လာချင်လာအောင်သိလာအောင် ပွဲလုပ်ရတာဖြစ်ပါတယ်။  ဒီပွဲဖြစ်မြောက်အောင် တနှစ် လောက် အချိန်ပေးစီစဉ်ရတာဖြစ်ပါတယ်။ တဘက်ကလည်း ကျနော်တို့တိုင်းရင်းသားဒေသမှာ အိမ်မြေယာ တွေအသိမ်းခံရတာ ဒေသတွင်းလူထုပိုင်တာတွေအသိမ်းခံရတာများနေတော့ ကျနော်တို့ဆီမှာရှိနေဆဲ စော်ဘွား တွေရဲ့ ပိုင်ဆိုင်မှု တွေအသိမ်းမခံရအောင် ပြုပြင် မွမ်းမံ ထိန်းသိမ်း ချင်တဲ့ ဆန္ဒနဲ့ပါ။ အဲတာကြောင့် ပွဲကျင်းပဖို့ စေတနာရှင်တွေက ထောက်ပ့ံ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သိန္နီစော်ဘွား ခွန်ဆန်တုန်ဟုန်းသည် ၁၉၁၄ တွင် နန်းသစ်ဆောက်ပြီးစီးပြီး နန်းသစ်တက်အထိမ်းအမှတ်ပွဲနှင့် အတူ မဟာမြတ်မုနိဘုရား စံကျောင်းတော်အားလည်း  ထိုနှစ်တွင်ပင် ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ ထိုသို့နန်းသစ်တွင်စံမြန်းပြီး ၃ နှစ်ခန့်အကြာ နတ်ရွာစံခဲ့လေသည်။ သမိုင်းနှင့် ရိုးရာမပျောက်စေရေး ရွယ်ကာ ဒေသခံများက  ၂၀၁၄ တွင်နန်းသစ် တက်ခြင်း နှစ် ၁၀၀ ပြည့်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက် ရေး ကော်မတီများကပြောဆိုသည်။

Most read this week