အပြန်အလှန် ယုံကြည်မှု မခိုင်မာပါက တိုက်ပွဲသံများ ကြားရဦးမည်ဟု ဒေါ်စုပြော

အပြန်အလှန် ယုံကြည်မှု မခိုင်မာပါက တိုက်ပွဲသံများ ကြားရဦးမည်ဟု ဒေါ်စုပြော
by -
မဇ္စျိမ

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နှစ်ဖက် အပြန်အလှန်ယုံကြည်မှု ခိုင်မာမှသာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ချုပ်ငြိမ်းမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များ ရှေ့မတိုးဘဲဖြစ်နေချိန်နှင့် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများပြန်ဖြစ်နေချိန် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၂၃က ဗွီအိုအေသတင်းဌာနနှင့် အင်တာဗျူးစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

SK1

“နောက်ဆုံးကျတော့ အခြေခံအားဖြင့် ယုံကြည်မှုပေါ့နော်၊ ဟိုဘက်ဒီဘက်အပြန်အလှန် ယုံကြည်မှု ခိုင်မြဲသွားပြီဆိုလို့ရှိရင်တော့ သိပ်ပူစရာ မရှိတော့ဘူး။ ဒါပေမယ့် ဒီလို ယုံကြည်မှု မခိုင်မြဲသရွေ့တော့ ဒီလိုပဲ အတက်အကျ တွေကတော့ ရှိနေမှာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းထားသည့် NCCT တို့ ဆွေးနွေးနေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်သည် မူကြမ်း အဆင့်သာ ရှိနေသေးပြီး နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

သို့သော် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရေထိုးပြီး အပြန်အလှန် ယုံကြည်မှုမခိုင်မာပါက တိုက်ပွဲများ ပြန်ဖြစ်တတ် သည်ကို မြောက်အိုင်ယာလန်နိုင်ငံနှင့် ဥပမာပေးပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုသည်။

“အပစ်အခတ်ရပ်စဲရေးပြီးပါပြီဆိုပြီး လက်မှတ်လည်း ထိုးပြီးရော နောက်တနေ့မှာ ပေါက်ကွဲချင်ရင် လည်း ပေါက်ကွဲတာပဲ။ အဲဒါမျိုးတွေတော့ ဖြစ်ခဲ့တာတွေရှိပါတယ်။ ဒီလိုဟာမျိုးတွေကလည်း ဖြစ်နိုင်ပါတယ်။ အဲဒါဘာဖြစ်လို့လဲ။ နောက်ဆုံးကျတော့ အပြန်အလှန် ယုံကြည်မှု မခိုင်မာသေးလို့ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဖိတ်ကြားလာမည်ဆိုပါက သူမအနေဖြင့် ပါဝင်ဆွေးနွေးမည်ဟု လည်းဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

“ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မဖိတ်ဘူး။ ဖိတ်ရင်တော့ ပါရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် NCCT တို့ ဆွေးနွေးရန်ကျန်နေသည့် အပစ်ရပ်မူကြမ်း ပါအချက်များမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက် စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ နိုင်ငံရေးဆွေး နွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့သတ်မှတ်ရေးနှင့် အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့်သူများ သတ် မှတ်ရေးတို့ ဖြစ်သည်။

အဆိုပါ အချက်များမှာ ဩဂုတ်လအတွင်း အပစ်ရပ်မူကြမ်း ဆွေးနွေးစဉ်ကပင် ကျန်ရှိနေခဲ့သည့် အချက်များဖြစ်ပြီး စက်တင်ဘာလ ဆွေးနွေးပွဲတွင်လည်း အဖြေမထွက်ခဲ့ပေ။

ထို့ပြင် နိုဝင်ဘာ ၁၉ ရက်ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ဌာနချုပ် တည်ရိိှရာ လိုင်ဇာမြို့အနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ရသေးသည်။

အဆိုပါဖြစ်စဉ်တွင် အစိုးရတပ်ဖက်ကလည်း ၎င်းတို့ကို လာရောက်ပစ်ခတ်သည်များရှိ၍ ခြောက်လှန့် ပစ်ခြင်းသာဖြစ်သည်ဟုဆိုသည်။

လက်ရှိအချိန်ဉ် ရှမ်းပြည်နယ်အတွင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားနေသည်ဟု သတင်းများက ဆိုသည်။