အပစ်ရပ်စာချုပ် မချုပ်နိုင်သေး၍ ကျောက်မျက်လုပ်ငန်းများ မစတင်နိုင်

အပစ်ရပ်စာချုပ် မချုပ်နိုင်သေး၍ ကျောက်မျက်လုပ်ငန်းများ မစတင်နိုင်
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးနိုင်ခြင်းကြောင့် ကချင်ပြည်နယ်ရှိ ကျောက်တွင်းလုပ်ငန်းများ ပြန်လည်မစတင်နိုင်သေးဟု မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ် နှင့် ဝိုင်းမော်မြို့နယ်တို့ ရှိ ကျောက်တွင်းလုပ်ငန်းရှင်များသည် တစ်ကျော့ပြန်၂၀၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့သော တကျော့ပြန်စစ်ပွဲများကြောင့် ကျောက်တွင်းလုပ်ကွက်များကို ပိတ်ခဲ့ပြီး လက်ရှိ အခြေအနေအထိ စတင်နိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။

ဦးဇေလွမ်းက “ကျောက်လုပ်ကွက်ပြန်လုပ်မယ့်သူတွေက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို စောင့်နေကြတယ် ၊စာချုပ်အဆင်ပြေမလို လိုနဲ့ ပြန်ပြီး ပစ်သံခတ်သံတွေကြားတော့ ကျွန်တော်တို့လုပ်ငန်းက ပြန်လုပ်ဖို့ ပိုကြာသွားနိုင်တယ်”ဟု ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့ရှိကျောက်လုပ်ကွက်များတွင် အဓိက ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် ကျောက်မြစ်လုပ်ငန်းရှင် ဆယ်ရာခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်လျက်ရှိသည်ဟုဆိုသည်။

“ရေမဆေးရှာ သမားတွေနဲ့ တစ်နိုင်တစ်ပိုင် တူးတဲ့သူတွေများတယ်၊ တကယ့် ကုမ္ပဏီကြီးတွေကတော့ မလုပ်ရကြသေးဘူး” ဟု ဖားကန့်မြို့နယ် တစ်နိုင်တစ်ပိုင် ကျောက်တွင်းလုပ်ငန်း လုပ်ကိုင်သူ ကိုမိုးကြီးက ပြောသည်။

ကျောက်မျက်တူးဖော်မည့် လုပ်ကွက်များကို စက်တင်ဘာ ၁ ရက်က အစိုးရက ပြန်လည်ဖွင့်လိုက်သော်လည်း လုပ်ငန်းရှင်များက လုံခြံုရေးကြောင့် လုပ်ကိုင်ရန် နှောင့်နှေးနေခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ကျောက်မျက်စျေးကွက် ဖွင့်လစ်ကာ ဒေသတွင်း ရောင်းခွင့်ပြုထားသော်လည်း C,D အဆင့်ရှိသော  ကျောက်များကိုသာ ရောင်းချခွင့်ရှိသည်ဟု မြစ်ကြီးနားမြို့၊ ကျောက်မျက်အသင်း ဥက္ကဋ္ဌ က ပြောသည်။

အရည်အသွေးအကောင်းဆုံး ဖြစ်သည့် A,B အဆင့် ရှိသောကျောက်များကို နေပြည်တော် ကျောက်စျေးကွက် တွင်သာ ရောင်းချခွင့် ပြုထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းတွင် ရေမဆေးကျောက်ရှာသည့် အလုပ်သမား၊ တစ်နိုင်တစ်ပိုင်ကျောက်တွင်း လုပ်ငန်းလုပ်ကိုင်သူများ ကျောက်ကုမ္ပဏီ ၀န်ထမ်းများ လုပ်ငန်းရှင်များ စသဖြင့်  ကျောက်လုပ်ငန်းကို မှီတည် လုပ်ကိုင်သူ ဆယ်သိန်း ခန့်ရှိသည်ဟု မြစ်ကြီးနားမြို့နယ် ကျောက်မျက်အသင်း ဥက္ကဋ္ဌ က ခန့်မှန်းသည်။

Most read this week