၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုကတစ်ခဲနက် ထောက်ခံထားသော ဥပဒေဖြစ်ခြင်းကြောင့် တပ်မတော်က ကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ပုံနည်းလမ်း ပုဒ်မ ၄၃၆ ကို လည်း ပြင်ဆင်ရန် မရှိသေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက် ကို တိုင်းရင်းသားပါတီများ၊ နိုင်ငံရေး လေ့လာသုံးသပ်သူများက အပြင်းအထန် ကန့်ကွက်လိုက်သည်။
အမေရိကန် အစိုးရ၏ အထောက်အပံ့ခံ ဗွီအိုအေသတင်းဌာနနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာ ၂၂ က တွေ့ဆုံမေးမြန်းမှုတွင် ၎င်း၏ဖြေကြားချက်များနှင့် ပတ်သက်၍ ဝေဖန်ကြခြင်းဖြစ်သည်။
တစ်ခဲနက်လား
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြည်သူများက တောင်းဆိုနေချိန်တွင် တပ်မတော်က မပြင်ဘူး ကာ ကွယ်စောင့်ရှောက်မည်ဟု တပ်၏ရာထူးအကြီးဆုံး ပုဂ်္ဂိုလ်ဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တရားဝင် မီဒီယာပေါ်မှပြောလိုက်သည့်အတွက် တိုင်းရင်းသားပါတီများက သဘောမတွေ့ခဲ့ကြပေ။
“၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူတစ်ရပ်လုံးက ပြင်ဖို့ တစ်ခဲနက်တောင်းဆိုနေချိန်၊ မပြင်မဖြစ်တဲ့ အခုလိုအချိန် မှာ တပ်မတော် ကာချုပ်က မပြင်ဘူးလို့ ပြောတဲ့ အတွက် ကျွန်တော်တော့ အတော်လေး စိတ်ပျက်မိတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ၂၀၀၈ ခုနှစ်က ကောက်ယူခဲ့သည့် လူထုဆန္ဒခံယူသည့် စနစ်နှင့် အခြေအနေတို့မှာမျှတမှု မရှိခြင်းကြောင့် ပဋိဉာဉ်မမြောက်ဟု ဝေဖန်ထားသည်။
၂၀၀၈ မေက မြန်မာနိုင်ငံ မြစ်ဝကျွန်း ပေါ်နှင့် ရန်ကုန်အပါအဝင် ဒေသတချို့တွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း တစ်သိန်းငါးသောင်း နီးပါးသေဆုံးခဲ့ပြီး၊ လူပေါင်း သန်းနှင့်ချီ ဘဝပျက်နေချိန် အတွင်းမှာပင် အခြေခံဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေကို အသုံးပြုလို လျှင်မျက်မှောက်ကာလတွင် ပြည်သူ့ဆန္ဒ ခံယူပွဲပြန်လည် ပြုလုပ်သင့် ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
“လူထုဆန္ဒခံယူပွဲ လုပ်ကိုလုပ်သင့်ပါတယ်။ ၅၀ ရာခိုင်နှုန်းကျော်က ထောက်ခံတယ်ဆိုရင် သူတို့ဆန္ဒ အတိုင်းလုပ်ပေ့ါ။ မထောက်ခံဘူး ဆိုရင်တော့ ပြင်ဆင်ပေးသင့်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။
ဒီမိုကရေစီလမ်းပိတ်
ပုဒ်မ ၄၃၆ကို ကာ/ချုပ်က မပြင်ဆင် လိုခြင်းသည် ဒီမိုကရေစီလမ်းကြောင်းကို သွေဖည်ခြင်းဖြစ်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်သို့ သွားရောက်လိုပါက နိုင်ငံတော် အာဏာကို နိုင်ငံသားများထံသို့ အပ်နှင်းရမည်ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက သုံးသပ်သည်။
“အခုဖွဲ့စည်းပုံက နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကို အပ်နှင်းထားတာ မဟုတ်ဘူး။ နိုင်ငံတော်အာ ဏာကို ကာချုပ်ကို အပ်နှင်းထားတာ။ တစ်နည်းအားဖြင့် စစ်တပ်ကို အပ်နှင်းထားတာသာ ဖြစ်တယ်။ အဲဒါ ကြောင့် တစ်ချိန်က တပ်မတော်က လက်နက်နဲ့ တိုင်းပြည်အာဏာကို သိမ်းတယ်။ အခုကျတော့ အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သိမ်းထားသလိုဖြစ်နေတယ်” ဟု ဦးကိုနီက ဝေဖန်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် အရေးအပါဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ကို တပ်မတော်က စောင့်ရှောက်သွားမည်၊ မပြင်ဆင်ဟု ပြောကြားလိုက်ခြင်းသည် ဒီမိုကရေစီသို့သွားမည် လမ်းကြောင်းကို ပိတ်ဆို့ရုံသာမက နိုင်ငံရေးအကျပ် အတည်းကိုပိုမိုကြီးထွားစေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) မှ ဦးထွန်းထွန်းဟိန်က သုံးသပ်သည်။
ဖွဲ့စည်းပုံကို ပြင်ချင်သောပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုတည်း မဟုတ်ဘဲ ရှမ်း၊ ပအိုဝ်း၊ကရင် အစရှိသော တိုင်းရင်းသား ပါတီများကလည်း ပြင်ဆင်လိုခြင်းဖြစ်သောကြောင့် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောစကားကို ကန့်ကွက်ကြောင်း ၎င်းက ပြောသည်။
“မပြင်ဘူးလို့ ကာချုပ်က ပြောတယ်ဆိုရင် ကျွန်တော်တို့သာ မဟုတ်ပါဘူး။ ပြင်ချင်တဲ့သူတွေ အားလုံး အကျပ်အတည်းဖြစ်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
၅၉(စ)သည် သူ့ကို ဦးတည်/ မတည်
ပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသော်လည်း ကာ/ချုပ်က ပထဝီနိုင်ငံရေးကြောင့် မြန်မာနိုင်ငံတွင် အမျိုးစစ်ခေါင်းဆောင် လိုအပ် သည်ဟု အကြောင်းပြကာ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန် ငြင်းဆိုသည်။
“၅၉ (စ) ကို ဖတ်ကြည့်လိုက်လို့ရှိရင် လူပုဂ်္ဂိုလ်တစ်ယောက်ကို ရည်ညွှန်းတယ် ဆိုတာရှင်းပါတယ်။ တစ်ဦး တစ်ယောက်ကို ရည်ညွှန်းတာမဟုတ်ဘူးလို့ ငြင်းမယ်ဆိုရင်တော့ ငြင်းလို့ရတာပေါ့လေ။ ကျွန်တော်က ဥပဒေသမားဆိုတော့ ဥပဒေလိုပဲ ပြောပါမယ်။ ဥပဒေ စာတစ်ပိုဒ်ကို အများကို ဖတ်ခိုင်းလိုက်ပါ။ တစ်ဦး တစ်ယောက်ကို ရည်ရွယ်လား၊ မရည်ရွယ်လားဆိုတာကတော့ အများကဖတ်လိုက်ရင် ဘယ်လိုအဓိပ္ပာယ် ပေါက်သလဲ၊ အဲဒီလိုပဲ အဖြေထွက်လာမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းထွန်းဟိန်က သုံးသပ်သည်။
ပုဒ်မ ၅၉(စ)သည် ကိုယ်ရေးကိုယ်တာအရ တိုက်ခိုက်သော ပုဒ်မတစ်ရပ်ဖြစ်ပြီး ၂၀၀၈ မတိုင်မီ မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော အခြေခံဥပဒေ နှစ်ရပ်စလုံးတွင် အဆိုပါ ပြဋ္ဌာန်းချက်မျိုး မရှိခဲ့ဘဲ နိုင်ငံတကာတွင်လည်း ထည့်သွင်းလေ့မရှိဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။
“ရှေ့က ရှိခဲ့တဲ့ ဥပဒေနှစ်ခုနဲ့လည်း မညီ၊ တခြားနိုင်ငံတကာမှာရှိတဲ့ ဥပဒေတွေနဲ့လည်း မညီဘဲနဲ့ အရွေးခံမယ့်သူအပြင် (သူ့) သားသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပါ ထည့်ပြီးတွက်ချက်တာဟာ နိုင်ငံတကာ စံနှုန်းနဲ့ မကိုက်ညီတာ တွေ့နိုင်ပါတယ်” ဟု ဦးကိုနီက သုံးသပ်သည်။
နိုင်ငံတော်သမ္မတကို လူထုကရွေးချယ်ရခြင်းသာဖြစ်ပြီး လူထုမထောက်ခံသော ဥပဒေဖြင့် အရည်အချင်းရှိ သူများ၏ လုပ်နိုင်စွမ်းအား ကန့်သတ်မှုမျိုး မပြုလုပ်သင့်ဘဲ နေရာပေးသင့်ကြောင်း ၎င်းက ဆိုသည်။
လေးပွင့်မဆိုင်ဘူး၊ နှစ်ပွင့်လည်း မဆိုင်ဘူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို ကာ/ချုပ်က ငြင်းပယ် လိုက်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများ ကို ဖြေရှင်းရန် အစီအစဉ်မရှိသေးကြောင်း ဖော်ပြခြင်းဖြစ် သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
“အပြတ်ငြင်းတာနဲ့ ပတ်သက်ပြီး ပြောရရင် နိုင်ငံရေးစကားဝိုင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ သူ့ခေါင်းထဲ မရောက်သေး ဘူးလို့ပဲ ပြောရမှာပေါ့”ဟု ဦးထွန်းထွန်းဟိန် က သုံးသပ်သည်။
ဒေါက်တာရန်မျိုးသိမ်းကလည်း “ဆွေးနွေးပွဲတွေ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံ ရေးအခြေ အနေတွေ တိုးတက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အထွဋ်အထိပ် ဖြစ်သောကြောင့် တပ်ချုပ်သည် သမ္မတ၏ လက်အောက်တွင်သာရှိပြီး ကာချုပ်သည် သမ္မတ၏ညွှန်ကြားချက်များကို နာခံမည် သာဖြစ်သည်ဟု အငြိမ်းစား ဒု-ဗိုလ်မှူးကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
“ကျွန်တော့်အမြင်ကတော့ တပ်ချုပ်က သမ္မတရဲ့လက်အောက်မှာပဲရှိတယ်။ ဒါကြောင့် တပ်ချုပ်က သမ္မတ ညွန်ကြားတဲ့ အတိုင်း နားထောင်မှာပဲ။ ဒေါ်စုကြည်က တွေ့ချင်းတွေ့ သမ္မတနဲ့တွေ့ပေါ့။ တပ်ချုပ် နဲ့ဘာ ဆိုင်လို့ တွေ့ရမှာလဲ။ ဒေါ်စုကြည်ပြောတာက နည်းနည်း စိတ်ကူးယဉ်ဆန်တယ်။ သမ္မတနဲ့တွေ့ရင်ပြီး တယ်ဗျာ ဒီကိစ္စက။ အဲဒါနဲ့တင် ဇာတ်လမ်းပြတ်တယ်ဗျာ။ တပ်ချုပ်နဲ့ တွေ့စရာမလိုပါဘူး” ဟု ဦးလှဆွေက သုံးသပ်ထားသည်။