ဦးအောင်သောင်း အကြံပြုချက်အပေါ် ကျားဖြူ ကျားခေါင်း ကန့်ကွက်

ဦးအောင်သောင်း အကြံပြုချက်အပေါ် ကျားဖြူ ကျားခေါင်း ကန့်ကွက်
by -
သျှမ်းသံတော်ဆင့်

လက်ရှိ ပြည်နယ်များ၏ လူမျိုးကိုယ်စားပြု အမည်များကို မြို့တော်အမည်များဖြင့် ပြောင်းလဲရန် ဦးအောင်သောင်း၏ လွှတ်တော်တွင်း အကြံပြုချက်ကို သျှမ်းမြောက် နမ့်ခမ်းမြို့ရှိ SNLD ကျားခေါင်း ပါတီ နှင့် ကျားဖြူ ပါတီ SNDP တို့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကန့်ကွက်ကြောင်း ပူးတွဲ ကြငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၄ နိုဝင်ဘာလ ၁၇  ရက် ပြည်ထောင်စုလွှတ်တော်၌ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက တိုင်းရင်းသားပြည်နယ် (၇) ပြည်နယ်ကို လူမျိုးစုနာမည်အစား မြို့တော်နာမည်များဖြင့်ပြောင်းလဲရန် လွှတ်တော်အတွင်း အကြံ ပြုချက်ကို နမ့်ခမ်းမြို့ရှိ SNLD  ကျားခေါင်းပါတီ နှင့် ကျားဖြူပါတီ SNDP တို့မှ ကန့်ကွက်ကြောင်း၊ မည်သည့်နည်းမျှ သဘောမတူကြောင်းဟု ထုတ်ပြန်ခြင်း ဖြစ်သည်။

ဦးအောင်သောင်းတင်သွင်းခဲ့သောအဆိုကို မိမိတို့အနေဖြင့် များစွာအ့ံသြတုန်လှုပ်မိပါကြောင်း၊ တိုင်းရင်းသားများအတွက် ဒီမိုကရေစီနိုင်ငံတော်ဘက်သို့ခြေလှမ်းဦးတည်နေချိန်  လွှတ်တော် အမတ်တဦးအနေဖြင့်  ဤသို့သော အဆိုများ မတင်သွင်း သင့်ကြောင်း နမ့်ခမ်းမြို့ ကျားဖြူပါတီ SNDP အတွင်းရေးမှူး ဦးစိုင်းထွန်းလှက ဆိုသည်။

“နမ့်ခမ်းမြို့ ရှိ ပါတီနှစ်ခု အနေနဲ့ကော ပြည်သူအနေနဲ့ပါ ပြည်နယ်နာမည်ပြောင်းမပြောနဲ့ ။ နမ့်ခမ်းမြို့နယ် အ တွင်းမှာ ရှိတဲ့ ရပ်ကွက် ကျေးရွာ အမည်များကို နဂိုရှိရင်းစွဲ သျှမ်းအမည် နာမ ကာလ ကြာရှည် ရှိစေရေးအတွက်ပြည်နယ်နာမည်တွေ ပြောင်းလဲခေါ်ဆိုမည့် အဆိုတင်သွင်းမှုကို ကျနု်ပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ် ”  ၎င်းကသျှမ်းသံတော်ဆင့်အားပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း တင်သွင်းသည့် အဆိုကြောင့် မြန်မာနိုင်ငံ တိုင်းရင်းသားများအတွက် ကြီးမားသည့်ပြဿနာများ ဖြစ်လာနိုင်ပါကြောင်း  အမည် မဖော်လိုသည့် သျှမ်းနိုင်ငံရေးသမားတစ်ဦးက ဆိုသည်။

သျှမ်းပြည်လူထုအနေဖြင့်လည်း ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ကောင်းစွာလေ့လာထားသင့်ကြောင်း၊ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ကောင်းစွာသိထားပါက ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာလျှင်လည်း   ကျနု်ပ်တို့ အတူတကွပူးပေါင်းပြီး ဖြစ်ပေါ်လာသည့်ပြဿနာ များကို လွယ်ကူစွာ ဖြေရှင်း နိုင်မည်ဟု နမ့်ခမ်း မြို့ ကျားဖြူပါတီ SNDP အတွင်းရေးမှုး ဦးစိုင်းထွန်းလှ က ထပ်လောင်းပြောကြားသည်။

snld statement