ကယားပြည်သူ့ဖိုရမ်မှ သဘောတူညီသည့် တောင်းဆိုချက်များ ပြည်နယ် အစိုးရသို့ ပေးပို့

ကယားပြည်သူ့ဖိုရမ်မှ သဘောတူညီသည့် တောင်းဆိုချက်များ ပြည်နယ် အစိုးရသို့ ပေးပို့
by -
မဇ္စျိမ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် ပြည်နယ် ပြည် သူ့ဖိုရမ်အပြီးတွင် သဘောတူညီခဲ့သည့် အချက် ၅၀ ကျော်ကို ပြည်နယ်အစိုးရထံ ပေးပို့တောင်းဆိုခဲ့သည်ဟု ကယားပြည်နယ် ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့သည့် မြန်မာပြည်သူ့ဖိုရမ် ဦးဆောင် ဒါရိုက်တာ ဦးကျော်လင်းဦးက မဇ္စျိမကို ပြောသည်။

ပြည်သူ့ဖိုရမ်တွင် ဆွေးနွေးပြီး ပြည်နယ် အစိုးရသို့ တောင်းဆိုထားသည့် အချက်များမှာ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် လေ့လာမှုများပြုလုပ်ပြီးမှ လုပ်ဆောင်ရန်၊ အမျိုးသမီး အခွင့်အရေး ပြည့်ဝစွာရရှိရန်၊ ငြိမ်းချမ်းရေးစောင့်ကြည့် လေ့လာမှုများ ပြုလုပ်နေသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များပူးပေါင်းဆောင်ရွက်ရန် အစရှိသည့် အချက်များပါဝင်သည်။

ဦးကျော်လင်းဦးက “ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးက အခြားပွဲတစ်ခုသွားရောက်နေလို့ ပြည်သူ့ဖိုရမ် ကို မလာရောက်နိုင်ခဲ့တဲ့အတွက် မြို့နယ် ထွေအုပ်တွေကနေတစ်ဆင့် ဖိုရမ်ဆွေးနွေးပွဲက ထွက်ရှိလာတဲ့ တောင်းဆိုချက်တွေကို ပေးပို့ခဲ့ပါတယ်”ဟုပြောသည်။

ကယားပြည်နယ် ပြည်သူ့ဖိုရမ်ကို ပြည်နယ်အခြေပြု အရပ်ဘက်အဖွဲ့အစည်း ၁၈၀ ကျော်တက်ရောက် ၍ ငြိမ်းချမ်းရေး၊ ဖွ့ံဖြိုးရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ခေါင်းစဉ်ကြီးလေးခုအောက်တွင် ခေါင်းစဉ်ငယ်များ ခွဲကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ် ပြည့်သူ့ဖိုရမ်ကို ကယားပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ကယားပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ အစည်းများအကြားတွေ့ဆုံဆွေး နွေးနိုင်သည့် ရပ်ဝန်းတစ်ခု ပေါ်ပေါက်လာစေရန်၊ ဒေသအာဏာပိုင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကြား ပေါင်းကူး တစ်ခုဖြစ်ပေါ်လာစေရန်၊ အရပ် ဘက်အဖွဲ့အစည်းများ၏အကြံပြုချက်များကို ရယူ၍ဒေသခံ အာဏာပိုင်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် စသည့် ရည် ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

ပြည်သူ့ဖိုရမ်များကို တိုင်းနှင့် ပြည်နယ် အချို့တွင် ကျင်းပပြီးဖြစ်ကာ မွန်ပြည်နယ်တွင် ဇွန်လနှင့် ကရင်ပြည်နယ်တွင် အောက်တိုဘာလတို့ကို ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါ ဖိုရမ်များမှ ရရှိလာသည့် အချက်အလက်များဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ  မြန်မာပြည်သူ့ဖိုရမ်ကို ကျင်းပရန် စီစဉ်မည် ဖြစ်သည်။