ကျောပိုးအိတ် စက်ရုံလုပ်သား ၁၀၀၀ ကျော် ဆန္ဒပြရက် လစာဖြတ်၍ အလုပ်မဆင်းဘဲ ဆန္ဒပြ

ကျောပိုးအိတ် စက်ရုံလုပ်သား ၁၀၀၀ ကျော် ဆန္ဒပြရက် လစာဖြတ်၍ အလုပ်မဆင်းဘဲ ဆန္ဒပြ
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ ဇုန် (၂) နဝဒေးလမ်း Packraft Myanmar ကျောပိုးအိတ် စက်ရုံမှအလုပ် သမား ၁၀၀၀ ဝန်းကျင်က ဆန္ဒပြခဲ့ကြသည့် ရက်အတွက် အလုပ်ရှင်ဘက်မှ လစာဖြတ်တောက်မည့်အပေါ် မကျေနပ်၍ စက်ရုံလုပ်သားများက အလုပ်လုံးဝ မဆင်းခြင်းဖြင့် လစာအပြည့်ပြန်ရသည့်အထိ ဆန္ဒပြမည်ဟု အလုပ်သမားခေါင်းဆောင် ကိုဝင်းကိုကို်က မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ လစာအပြည့်ပြန်ရတော့မှပဲ အလုပ်ပြန်ဆင်းတော့မယ်။ ဆန္ဒပြရက်အတွက် ဖြတ်တာက များနေတယ်။ အလုပ်ရှင်နဲ့ ညှိတာကလည်းအဆင်မပြေဘူး"ဟု ယင်းက ဆိုသည်။

ဆန္ဒပြ အလုပ်သမားများကို ဆန္ဒပြသည့် ပထမ သုံးရက်အတွက် အလုပ်သမားအားလုံးကို တစ်ရက်လျှင် ရ၄၁၁ ကျပ်စီ ဖြတ်တောက်ခဲ့ပြီး  ကျန်ရက်များအတွက် အလုပ်သမားတစ်ဦးချင်း၏ နေ့စဉ်ကြေးပေါ် မူတည်ထပ်မံ ဖြတ်ခဲ့သည်ဟု အလုပ်သမားများက ဆိုသည်။

ယင်းစက်ရုံရှိ အလုပ်သမားများက နိုဝင်ဘာ ၉ ရက်မှစ၍ လုပ်ခလစာတိုးမြှင့်ရရှိရေး၊ ရှားပါးစာရိတ် တိုးမြှင့်ရေးအပါအဝင် အချက် ၁၀ချက် တောင်းဆိုခဲ့ရာ ၁၁ ရက်ကြာမြင့်ခဲ့သည်။

ဆန္ဒပြလုပ်သားများကို လုပ်ခလစာဖြတ်တောက်မှုနှင့် ပတ်သက်၍ စက်ရုံ မန်နေဂျာ ဦးအောင်မျိုးကျော်ကို မဇ္စျိမက ဆက်သွယ်မေးမြန်ခဲ့ရာ "ကျွန်တော်တို့ အခုဖြတ်တာက အလုပ်ရှင်အလုပ်သမားဥပဒေ အတိုင်းဆောင်ရွက်တာပါ။ အလုပ်သမားတွေကိုလည်း တွက်ပြပါတယ်။ သူတို့လက်ထဲမှာလည်း လစာထွက်တဲ့ ပုံစံစာရွက်တွေလည်းပေးထားတယ်" ဟု ယင်းက ဆိုသည်။

၎င်းတို့စက်ရုံမှ ရက်မှန်ကြေးအဖြစ် အလုပ်သမားတစ်ဦးကို တစ်လ ကျပ် ၁ သောင်းနှုန်းပေးထားသည့်အတွက် ၁ ရက်အလုပ်ပျက်ပါက ၃၃၀၀နှုန်းဖြင့် ၃ရက်အပါ နေ့စဉ်ကြေး ၁ထောင်ကျော်နှုန်းနှင့် ရှားပါးစာရိတ်တစ်နေ့ ၂၀၀နှုန်း ကားခတစ်နေ့၂၀၀ နှုန်း အပါတစ်ဦးကို ၄၇၅၁ကျပ် နှုန်းဖြင့် ၃ရက်စားကိုဖျက်တောက်ခဲ့သည်ဟု ယင်းကဆိုသည်။ ထို့ပြင် ကျန်ရက်များကို အလုပ်သမား တစ်ဦး၏ နေ့စဉ်ကြေး အပါအဝင် အခြားရှားပါးစာရိတ်၊ မုန့်ဖိုး အပါအဝင် ၂၀၀၀ကျော်ခန့်ကို ထပ်မံ ဖြတ်တောက်မည်ဟု၎င်း ကဆိုသည်။

အလုပ်သမားများ၏ ဆန္ဒပြ တောင်းဆိုမှုအတွင်း အလုပ်ရှင်ဘက်မှ အချက်၆ချက်ကို သဘောတူ၍ ပြေလည်မှု ရခဲ့ရာမှ အလုပ်သမားများ ဆန္ဒပြခဲ့ကြသည့် ရက်အတွက် ငွေကြေးဖြတ်တောက်မှု အပေါ်မှာ ထပ်မံအငြင်းပွား မှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားများကဆိုသည်။

"ကျွန်မဆို လစာ ၁ သိန်း ၃ သောင်းရတယ်။ လစာဖျက်ထားတာက ၅ သောင်း ၅ ထောင်ကျော် အဲဒီထဲက ၄ ရက်ခကို နုတ်ပေးတာက ၁ သောင်းကျော်ဆိုတော့  မကျေနပ်ဘူး၊ လစာအပြည့်ပေးမှာပဲ အလုပ်ပြန်ဆင်းတော့ မယ်" အလုပ်သမားတစ်ဦးဖြစ်သူ မဥမ္မာက မဇ္စျိမကို ပြောသည်။