ဟိုပုံးမြို့နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တစ်ကျောရှိ ဘိန်းစိုက်ခင်းများကို ရက်အကန့်အသတ်မရှိ ဖျက်ဆီးသွားမည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း က မဇ္စျိမကို ပြောသည်။
အောက်တိုဘာ ၁၇ ရက်က စတင်ပြီး ပထမအသုတ် ဘိန်းစိုက်ခင်း ဧက ရ၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်း က ပြောသည်။
"ဘိန်းစိုက်တောင်သူတွေ ရှိတဲ့ကျေးရွာအုပ်စုတွေမှာ ကျွန်တော်တို့ဘက်က ဘိန်းစိုက်ပျိုးတဲ့ ရာသီမရောက်ခင် ကတည်းက တရားမဝင် ဘိန်းစိုက်ပျိုးမှုတွေကို မလုပ်ဆောင်ဖို့ ပညာပေးဟောပြောတာတွေ အစားထိုးသီးနှံ စိုက်ပျိုးဖို့တွေ တိုက်တွန်း လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက မဇ္စျိမကို ပြောသည်။
ယင်းအပြင် လုံဟေးကျေးရွာအုပ်စု၊ မဲနယ်တောင် တစ်ဝိုက်ရှိ ဘိန်းစိုက်ခင်းများအား နိုဝင်ဘာ ၁၇ ရက်မှ စတင်ဖျက်ဆီးလျက်ရှိပြီး ဧက ၁၀၀ကျော် ဖျက်ဆီးထားပြီးဖြစ်ရာ ရက်အကန့်အသတ်မရှိ ဆက်လက်ဖျက်ဆီးသွားမည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်း က မဇ္စျိမကိုပြောသည်။
"ဘိန်းစိုက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်၊ တစ်ချို့က စီးပွားဖြစ် စိုက်ပျိုးနေကြသလို တစ်ချို့က ဆင်းရဲနွမ်းပါးလို့ စိုက်ပျိုးနေကြတာပါ ” ဟု လုံဟေးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထီး က ပြောသည်။
ဘိန်းစိုက်ပျိုးမှု ပပျောက်ရန်အတွက် အဖွဲ့တစ်ခုတည်း ဆောင်ရွက်၍ မရဘဲအစိုးရ၊ ပြည်သူလူထု၊ နိုင်ငံတကာ၊ အိုင်အန်ဂျီအို အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်သွားမှသာ ရရှိနိုင်မည်ဟု ၎င်းကပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုရှိသည့် အနက် တောင်ကြိုတောင်ကြားနှင့် ထိစပ်နေကြသည့် ကျေးရွာ အုပ်စု ၅ အုပ်စုခန့်သာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ်သည်ဟုလည်း ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု၏ စာရင်းမှတ်တမ်းများအရ သိရသည်။
၂၀၁၃ ခုနှစ်က ဟိုပုံးမြို့နယ် အတွင်းရှိ ဘိန်းစိုက်ခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ယခုနှစ်တွင် ဘိန်းစိုက်ခင်း ဧက ၂၀၀၀ကျော် ရှိသည်ဟု ခန့်မှန်းထားရာ ယခင်နှစ်ထက် လျော့နည်းသွားသည်ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်းက ပြောသည်။
၂၀၁၃ခုနှစ်က မြန်မာနိုင်ငံတွင် ဘိန်းခင်းအများစုကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဘိန်းခင်းဧက ၆ သောင်းခွဲကျော် ဖျက်ဆီးနိုင်ခဲ့သည် ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ခင်း ၂၆၆၀၀ ဟက်တာ (ဧက ၆ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဘိန်းစိုက်ခင်း ၁၈၄၀၀ ဟက်တာ (ဧက ၄ သောင်းခွဲကျော်)၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဘိန်းစိုက်ခင်း ၈၃၀၀ ဟက်တာ (ဧက ၂ သောင်းကျော်) စိုက်ပျိုးခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုလုံး၏ ဘိန်းစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမူ၏ ၉၂ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။