ကမ္ဘာ့ကုလသမဂ္ဂက ပြဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ် (CRC) ပေါ်ထွန်း လာသည့် ၂၅ နှစ်ပြည့်သည့် နိုဝင်ဘာ ၂၀ ရက်၌ လူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့်စာ ပေးပို့မည်ဖြစ်သည်။
"မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကလေးများအခွင့်အရေးကို ယခုထက် ပိုမိုတိုးတက်လုပ်ဆောင်သင့်ကြောင်း ကျွနု်ပ်တို့ သုံးသပ်မိပါသည်။
ကလေးအခွင့်အရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် စာချုပ်နိုငံတစ်ခုဖြစ်သည့် အပြင် စာချုပ်ပါအခွင့် အရေးများကို လေးစားပါမည်ဟု ဂတိကဝတ်များပြုထားသော အစိုးရအနေဖြင့် ယခု စာချုပ်၏ သက်တမ်းနှစ် ဆယ့်ငါးနှစ်ပြည့်သော အခါသမယတွင် မိမိတို့ ကတိပြုထား သည့်အတိုင်း အောက်ပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် သမ္မတကြီးအား အလေးအနက်ပန်ကြားအပ်ပါသည်"ဟု အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
ယင်းအပြင် ကာကွယ်ရေးဘက်ဂျက် အလွန်အကျွံသုံးခြင်းကို လျော့ချ၍ ကလေးများ၏ အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ကဏ္ဍများ၌ သုံးရန်၊ ကလေးများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကလေးလုပ်သားအဖြစ် စေခိုင်းမှု၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေး စစ်သားအဖြစ် စုဆောင်းမှုများ ကို လျော့ချရန်နှင့် စစ်ဘေးဒဏ်ခံရသည့် ကလေးများအား မိသားစု၊ ရပ်ရွာဘဝ ပြန်လည်ပေါင်းစည်းရေး အထူးလုပ်ဆောင်ပေးရန် အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုထားသည်။
မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှ စ၍ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ် (CRC) ကို အတည်ပြု လက်မှတ်ထိုးထားသည့် နိုင်ငံဖြစ်ပြီး ကလေးအခွင့် အရေး ကော်မတီသို့ တင်သွင်းသည့် အစီရင်ခံစာများ၌လည်း မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေးကို လေးစားလိုက်နာကာ ကာကွယ်မြှင့်တင်မည်ဟု အကြိမ်ကြိမ် ကတိပြုထားသည်။
သို့သော် ကလေးများ၏ အခွင့်အရေး ဆုံးရှုံးနေဆဲဖြစ်ပြီး ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ လည်း စိုးရိမ်ဖွယ် မြင့်တက်ခဲ့ သည့်အပြင် ကလေးအလုပ်သမားအဖြစ် စေခိုင်းခြင်း၊ လူကုန်ကူးခံရခြင်း စသည့် ပြဿနာများမှာလည်း လျော့ပါးခြင်း မရှိသေးဟု လူမှုအဖွဲ့များက ဝေဖန်ထားသည်။ ယင်းအပြင် တိုင်ရင်းသားကလေးငယ်များ၊ ဘာသာရေးအရ လူနည်းစုကလေးများ၊ မသန်စွမ်းကလေး များအတွက် အလေးထားလုပ်ဆောင်မှုများမှာလည်း အားနည်းနေသေးကြောင်း ထောက်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များအခွင့်အရေးဆိုင်ရာစာချုပ် (Convention on the Rights of the Child – CRC) ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ကမ္ဘာ့ကုလသမဂ္ဂက ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည်။