တောင်ကြီး သျှမ်းနှစ်ကူးပွဲတော် သျှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

တောင်ကြီး သျှမ်းနှစ်ကူးပွဲတော် သျှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ်မြို့တော် တောင်ကြီး၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် ၂၁၀၉ ခုနှစ် သျှမ်း နှစ်သစ်ကူး ပွဲတော်အား သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်က တက်ရောက် ဖွင့်လှစ်သည်။

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်း၌ ဖွင့်လှစ်သည့် သျှမ်းနှစ်သစ်ကူးပွဲတော်သို့ သျှမ်းပြည်နယ်ဝန်ကြီး စဝ်အောင်မြတ်၊ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ စိုင်းထွန်းမြတ် သျှမ်းပြည်နယ် လွှတ်တော် ဉက္ကဌ စိုင်းလုံးဆိုင်၊ ဒု ဥက္ကဌ စိုင်းခမ်းမတ် ၊ သစ်တော နှင့် သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်း တို့ တက်ရောက် ဖွင့်လှစ်သည်။

feature2014

“ပထမ အစီအစဉ်က ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌနဲ့ တက်ရောက်တဲ့ဝန်ကြီး စိုင်းအိုက် ပေါင်း၊ နောက်ပြီး လွှတ်တော်ဥက္ကဌ စိုင်းလုံးဆိုင်၊ ဆရာစိုင်းခမ်းမတ်တက်ရောက်ပြီး ဖဲကြိုး ဖြတ်ဖွင့်လှစ်တယ်။ ဝန်ကြီးချုပ် ကတော့ အဖွင့်အမှာစကားပြောတယ်၊ ဖွံ့ဖြိုးတိုးတက် လာ နေတဲ့ နိုင်ငံတော်နဲ့အတူ မိမိရိုးရာကိုထိန်းသိမ်းဖို့၊ ဘာသာစာပေကို ချစ်မြတ်နိုးဖို့ ပြောတယ်” - ဟု ပွဲတော် တက်ရောက်သည့် သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဟွမ် ကပြော သည်။

၂၁၀၈ ခုနှစ် နှုတ်ခွန်းဆက်သခြင်းနှင့် ၂၁၀၉ ခု နှစ်သစ်ကြိုဆိုပွဲခြင်းတွင်  သျှမ်းလူမျိုးနှင့် ပတ်သက်သည့် စာတမ်းလည်းတောင်ကြီးတက္ကသိုလ် ခန်းမ ၌ သုံးရက်တိုင်တိုင် ဖတ်ကြား သည့်အခမ်းအနားလည်းရှိသည်။

သျှမ်းပြည်နယ် မြို့နယ်အနှံ့ သျှမ်းလူမျိုးများ စုံစုံညီညီ စုပေါင်းကျင်းပသည့်ပွဲတော်ဖြစ်သည်။ အဆိုပါ ပွဲတွင် မဟာကံစမ်းမဲအနေဖြင့် ပွဲတော်ရက်များအတွင်းToyota Hilux Vigo  ကား တရက်တစီး ကံစမ်းမဲ ဖေါက်မည်ဖြစ်သည်။

တောင်ကြီးမြို့၌ ကျင်းပနေသည့် သျှမ်းနှစ်ကူးပွဲတော်သည် ပြည်တွင်းပြည်ပ သျှမ်းများ ဒုတိယ အကြိမ် စုပေါင်းကျင်းပသည့်ပွဲတော်ဖြစ်သည်။ ပထမ အကြိမ် မှာမူ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ လွန်ခဲ့သည့် ၂ နှစ် (၂၀၁၂ ခု) က ကျင်းပခဲ့သည်။

Most read this week