SSA ရွှေရတု အထိမ်းအမှတ် T- Shirt ဝတ် ရွာသား နှစ်ဦးကို အစိုးရ တပ် ခေါ်ယူ ထိန်းသိမ်း

SSA ရွှေရတု အထိမ်းအမှတ် T- Shirt ဝတ် ရွာသား နှစ်ဦးကို အစိုးရ တပ် ခေါ်ယူ ထိန်းသိမ်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် ချောင်းကူး တံတားစောင့် အစိုးရ တပ်မတော်၏ ကင်းစခန်း က သျှမ်းပြည် တပ်မတော် SSA (SSPP) ရွှေရတု အမှတ်တရ အင်္ကျီ ဝတ်သည့် ရွာသား နှစ်ဦးအား စကခ ၂ ရုံးအဖွဲ့ လုံခြုံရေး ကင်းစခန်းမှ ခေါ်ယူ စစ်ဆေးကာ တစ်ရက် ထိန်းသိမ်း လိုက်သည်ဟု သိရသည်။

T shirt

နှစ် ၅၀ ပြည့် သျှမ်းပြည်တပ်မတော် ရွှေရတု အထိမ်းအမှတ် တီရှပ်အင်္ကျီ ဝတ်သည့် မိုင်းရှူး မြို့နယ် ဝမ့်ဆော့ကျေးရွာအုပ်စု မိုင်းအတ်ကျေးရွာသား စိုင်းစိန်နှင့်စိုင်းယုံးနှစ်ဦးအား နမ့်ကတ် တံတား တပ်စခန်းစောင့် စကခ ၂ တပ်မှူး ၏ ရုံးအဖွဲ့ လုံခြုံရေးကင်း စခန်းစောင့် တပ်ဖွဲ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့က ခေါ်ယူ စစ်ဆေးကာ တစ်နေကုန် ထိန်းသိမ်းထားသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

“သျှမ်းပြည်တပ်မတော် နဲ့ ဒေသခံလူထုနဲ့ ကင်းကွာအောင်လုပ်နေတာ။ သျှမ်းစကားပုံကို တိုက်ရိုက် ဘာသာပြန်ပြီးပြောရရင် မျောက်ကြောက်အောင် ကြက်လည်လှီးပြတာဘဲလေ။ ကျေးလက်လူထုထိပ် လန့် အောင် လုပ်ပြတာလေ” ဟု မိုင်းရှူးမြို့ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

မိုင်းရှူးမြို့နှင့် တန်းဖယ်ကျေးရွာကြား ရှိ နမ့်ကတ်တံတားဦး စောင့်တပ်သည် စကခ ၂ တပ်မှူး လက်အောက်ခံ ရုံးအဖွဲ့လုံခြုံရေး တပ်ခွဲတခုဖြစ်ကြောင်း၊ အဆိုပါ ရွာသား နှစ်ဦးအား ဝမ့်ဆော့ ရွာ အုပ်ချုပ်ရေးမှူး အာမခံချက်ဖြင့် အဆိုပါညနေပိုင်းတွင်ပြန်လည်လွတ်မြောက် လာပြီး ဖြစ် သည်ဟု SSA တပ်မှူးတစ်ဦးက ဤကဲ့သို့ပြောသည်။

“အပြစ်မဲ့ပြည်သူလူထုကို အဲဒီလိုမလုပ်သင့်ဘူး။ အဲဒီလိုပတ်သက်ဆက်နွယ်တိုင်း ဖမ်းကြေး ဆိုရင်လေ ဗမာ့တပ်မတော်နဲ့ ဆက်သွယ်တဲ့ လူတိုင်းကိုလည်း ကျနော်တို့ ဆင့်ခေါ်ဖမ်းဆီး လို့ရတာဘဲ။ ဒါပေမယ့် ကျနော်တို့ ဒါမျိုးမလုပ်ဘူး။ ကျနော်တို့ သိရတာနောက်ကျတယ်။ သိတဲ့အချိန် ဝမ့်ဆော့ ရွာသူကြီးက သူတို့ကို အာမခံနဲ့ ရွေးထုတ်သွားပြီလေ” ဟု ပြောသည်။

အစိုးရတပ်နှင့် နီးစပ်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ထံမှ မည်သည့်ပစ္စည်းမှသိမ်းဆည်း နိုင်ခြင်းမရှိ၊ သျှမ်းပြည်တပ်မတော်ထုတ် အင်္ကျီနှင့် ကျောပိုးအိတ်စိမ်း ပိုးသွားသည့်အတွက် နေ့တဝက်ခန့် သာ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Most read this week