မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် ချောင်းများကို ပိတ်ဆို့၍ ရွှေတူးဖော်နေသော ကုမ္ပဏီများကို အရေးယူပေးရန် တိုင်ကြားရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က အမှုကို လက်ခံမပေးသောကြောင့် နိုဝင်ဘာ ၁၇ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ ဒေသခံ ၅၀ ကျော် ဆန္ဒပြခဲ့ကြသည်။
၎င်းဒေသတွင် စက်တင်ဘာ ၁၈ ရက်နေ့က ရွာသွန်းခဲ့သော မိုးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးပြီး လူသုံးဦး သေဆုံးခဲ့သောကြောင့် အဆိုပါဒေသတွင် ချောင်းများကို ပိတ်ဆို့၍ ရွှေတူးဖော်နေသည့် ကုမ္ပဏီများကို အရေးယူပေးရန် တောင်းဆိုုခြင်း ဖြစ်သည်။
အဆိုပါ ဒေသရှိ ချောင်းများကို ပိတ်ဆို့၍ ရွှေတူးဖော်နေသော ကုမ္ပဏီများကို အရေးယူပေးရန် နို၀င်ဘာ ၁၁ ရက်တွင် စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့သို့ တိုင်ကြားရာ အမှုလက်ခံမှုမရှိဘဲ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးသို့သာ သွားရောက်တိုင်ကြားရန် ညွှန်ကြား ခဲ့သောကြောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ထပ်မံသွားရောက် တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ပေးမှုများ မရှိသောကြောင့် ဆန္ဒပြခြင်းဖြစ် သည်ဟု ဒေသခံများက ဆိုသည်။
“သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တယ်ဆို ဘာမှလုပ်စရာမလိုဘူး။ အခုဘာက ဘယ်က ရောက်လာတဲ့ ကုမ္ပဏီတွေမှန်း မသိတဲ့ သူတွေက ကျွန်တော်တို့ မြောင်းတွေချောင်းတွေ ပိတ်ပြီး ရွှေတူးတယ်။ ရေတား တွေ လုပ်တယ်။ အဲဒီလိုတွေလုပ်တော့ ရေက ထွက်ပေါက် မရှိတော့ဘူး။ မိုးလေးနည်းနည်းများတာနဲ့ အခုလို ဖြစ်ပြီး ခံလိုက်ရတာပဲ။ ဒါကြောင့် သက်ဆိုင်ရာကို တိုင်တယ်။ ဖြစ်ကတည်းကလည်း အကြောင်းကြားတယ်။
ဘာမှလုပ်ပေးတာမှ မရှိဘူး။ တရားဝင်တိုင်တော့လည်း အရေးယူမပေးဘူး။ ဒါကြောင့် ဒီနေ့ဆန္ဒပြဖြစ် သွားတာပဲ” ဟု ဦးဆောင်ဆန္ဒပြသူ ကိုဟန်မင်းလွင်က ပြောသည်။
ဒေသခံများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆန္ဒပြရန် ရောက်ရှိလာခြင်းမဟုတ်ဘဲ အရေးယူပေးရန် လာရောက် တိုင်ကြားခြင်းကို အုပ်ချုပ်ရေးမှူးက အတွေ့မခံသောကြောင့် ဆန္ဒပြခြင်းဖြစ်ပြီး တစ်စုံ တစ်ရာ အဖြေမရမချင်းဆက်လက် ဆန္ဒပြသွားမည်ပြီး သပိတ်စခန်းလည်း ဖွင့်သွားမည်ဟု ဆန္ဒပြသူများက ဆိုသည်။
“တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့ အုပ်ချုပ်ရေးမှူးပါ။ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ညှိနှိုင်းဖြေရှင်းခိုင်းတယ်။ ဒါကို အတွေ့မခံဘူး။ ဒါကြောင့် ရွှေတူးဖော်နေတဲ့ကုမ္ပဏီကို အရေးယူမှု မလုပ်မချင်း ဆန္ဒပြမယ်။ သပိတ်စခန်းဖွင့်မယ်”ဟု ရေမျက်ရွာသား ကိုကျော်မင်းအောင်က ပြောကြားသည်။
ဒေသခံများ တိုင်ကြားမှုနှင့် ပတ်သက်ပြီးအမှုကို လက်မခံခြင်းနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးရုံးသို့ မေးမြန်းရာ အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက “ ဒါကသဘာဝကြောင့် ဖြစ်တာဆိုတော့ အရေးယူလို့ မရပါဘူး။ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အနေနဲ့လည်း ဒီကိစ္စက သဘာဝကြောင့် ဖြစ်တာမို့ အရေးယူလို့ မရဘူးဆိုတာ အကြောင်းကြားစာပို့ထားတယ်”ဟု ပြန်လည်ဖြေကြားသည်။
ဆန္ဒပြနေသော ဒေသခံများကလည်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ထုတ်ပြန်ချက်ကို လက်မခံကြောင်းနှင့် အရေးယူပေးရန်သာ တောင်းဆို ဆန္ဒပြ သပိတ်စခန်းဖွင့် မည်ဟုဆိုသည်။