လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် ပါတီတစ်ခုမှ အခြားပါတီတစ်ခုသို့ ပြောင်းပါက လွှတ်တော်ကိုယ်စား လှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် တပ်မတော်သား ကိုယ်စားလှယ် ဗို်လ်မှူးကြီးခင်စိုးက နိုဝင်ဘာ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးရာ၌ ပြောကြားလိုက်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ကိုယ်လည်း ပါတီပြောင်းခဲ့ပါတယ်၊ ဒါပေမယ့် အခုအချက်ကို ကျွန်တော်ထောက်ခံပါတယ်’’ ဟု မဇ္စျိမကို ပြောသည်။
ပါတီတစ်ခု၏ အရိပ်အောက်တွင် ပါဝင်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကိုယ်စားလှယ် ငါးနှစ်သက်တမ်းတစ်ခုစာ ယင်းပါတီ၏ ကိုယ်စားလှယ်အဖြစ် ရပ်တည်သင့်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
၎င်းက မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း ယခုကဲ့သို့ ပါတီပြောင်းပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းနိုင်သည့် ဥပဒေရှိသည်ဟု ဆက်လက်ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံပါ အချက်တစ်ချက်ချက်အား ဖောက်ဖျက်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံတွင်သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်ထားသော တာဝန်များကိုကျေပွန်စွာ မထမ်းဆောင်ခြင်းများကြောင့် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့်ရှိသည်ဟု အခြေခံဥပဒေအခန်း ၉၊ ပုဒ်မ ၃၉၆(က)တွင်ပြဌာန်းထားသည်။
ဦးဖုန်းမြင့်အောင်သည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ သူဖြစ်ပြီး နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီသစ် ထူထောင်ရာတွင် ပါတီပြောင်းလဲ ပါဝင်ခဲ့ပြီး ယခုအခါတွင် ရန်ကုန်စည်ပင်သာယာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည် နေသူဖြစ်သည်။