ယခင် လယ်ယာမြေ ဥပဒေ၏ လန ၃၉ နှင့် ပတ်သက်ပြီး မြေယာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင် ရန်နှင့် လယ်သမားများ လယ်မြေအသုံးချမှု ဆုံးရှုံးခွင့်မရှိစေရန် အမျိုးသားမြေအရင်းအမြစ် ဥပဒေကို တစ်နှစ်အတွင်း အတည်ပြုနိုင်ရန် လုပ်ဆောင်သွားမည်ဟု သစ်တောဦးစီဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်ကျော်လွင်က မဇ္စျိမကို ပြောသည်။
“ဥပဒေကတော့ နည်းနည်းပိုအသေးစိတ်သွားပြီး နည်းနည်းအချိန်ယူရမယ်။ ဖြစ်နိုင်ရင် ခြောက်လ တစ်နှစ်အတွင်း ရအောင်ကြိုစားမယ်။ ဥပဒေ အဆင့်မှာတော့ လွှတ်တော်အဆင့်နဲ့လည်းဆိုင်တယ်”ဟု ဦးကျော်ကျော်လွင်က ပြောသည်။ မြေအသုံးချမှု မူဝါဒများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အပါအဝင် ၁၇ခုရှိလူထုကို ချပြဆွေးနွေးပြီး အကြံဉာဏ်များ ရယူသွားမည်ဟု ဆိုသည်။
နိုဝင်ဘာ ၁၇ရက်နေ့က နေပြည်တော်ကောင်စီ အောင်မင်္ဂလာခန်းမတွင် မြေအသုံးချမှု မူဝါဒ(မူကြမ်း)ကို ပထမဆုံးအကြိမ် လူထုအားချပြကာ စတင်ဆွေးနွေးခြင်းဖြစ်ပြီး အဖွဲ့သုံးဖွဲ့ဖြင့် နိုဝင်ဘာလမှာ အပြီးဆောင်ရွက်မည်ဟု ဆက်ပြောသည်။
ဥပဒေမူကြမ်းကိုလည်း တစ်ချိန်ထဲမှာ တစ်ပြိုင်နက်ထဲ ဥပဒေရေးရာအဖွဲ့က စတင်ဆောင်ရွက်နေပြီ မူဝါဒများကို ပြည်သူလူထု အား ဆွေးနွေးခြင်း အကြံညဏ်ယူခြင်းကို နောက်အကျဆုံး ဒီဇင်ဘာလအတွင်း အချောပြီးစီးအောင် ဆောင်ရွက်မည်ဟုဆိုသည်။ မူဝါဒများကို ချပြဆွေးနွေးရာတွင် လယ်သမားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် တိုင်းရင်းသားများအား ပိုင်ဆိုင်မှုများကို ရိုးရာအလိုက် ကာကွယ်တားဆီးပေးနိုင်ရန် ထည့်သွင်းထားသည်ဟုဆိုသည်။
“ယခင်ဥပဒေ လန ၃၉ နဲ့ပတ်သက်ပြီး အဓိကတော့ ကြာတယ်ဆိုပြီး ပြည်သူပြည်သားက အစိုးရအပေါ် အပြစ်တင်တဲ့ဟာလေးရှိတာပေါ့။ အကိုတို့လည်းဝန်ခံပါတယ်။ ဌာနအချင်းချင်း ချိတ်ဆက်ပြီးဆောင်ရွက်တာ အားနည်းတယ်ဆိုတာ ၀န်ခံပါတယ်”ဟု ဦးကျော်ကျော်လွင်က ပြောသည်။
အထက်ပါ ဥပဒေပြဌာန်းရေးဆွဲပြီးပါက မြေအသုံးချမှုများနှင့်ပတ်သက်ပြီး တစ်နေရာထဲတွင် အပြီးဆောင်ရွက်ပေးနိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ အချို့သော မြေရာဥပဒများကိုပင် ဒီဥပဒေအောက်မှာ လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေ ၂၈ မျိုးကိုလည်း အကျုံးဝင်သည့်အထိ လုပ်ဆောင်သွားနိုင်အောင် ရှေ့နေ့ပညာရှင်များ အဖွဲ့ဖြင့် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လန ၃၉ ရရှိခြင်းမရှိသေးဘဲ မြေအသုံးချမှုများကို အလွဲသုံးစားမှုများရှိ၍ လုပ်ငန်းရှင်များနှင့် လယ်သများအကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။