အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) အဖွဲ့ကို ဒီဇင်ဘာလတွင် အပြီးဖွဲ့စည်းသွားမည်ဟု NLDီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
NLD ရွေးကောက်ပွဲ အောင်နိုင်ရေး (ဗဟို) အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရန် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
"၂၀၁၄ ခုနှစ်တုန်းက ရွေးကောက်ပွဲအောင်နိုင်ရေး(ဗဟို)အဖွဲ့ကို ဦးတင်ဦး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးညဏ်ဝင်းတို့က တာဝန်ယူခဲ့ကြတယ်။ အခု အသစ်ဖွဲ့လိုက်တဲ့ အဖွဲ့ကိုလာမယ့်နှစ်မှာ စီအီးစီအစည်းအဝေးထိုင်ပြီးတော့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးကို ပြန်ရွေးမှာဖြစ်ပါတယ်" ဟု ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) အဖွဲ့ဝင် ဦးမောင်မောင်ဦးကပြောသည်။
ယခင်က ဖွဲ ့စည်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) သည် ၂၀၁၄ခုနှစ် ရွေးကောက်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲသည် မြို့နယ် (၃၅) မြို့နယ်သာ လစ်လပ်သောကြောင့် တစ်နိုင်ငံလုံးကို လွှမ်းခြံုပြီး ကိုယ်စားပြုနိုင်သည့် ရွေးကောက် ပွဲအောင်နိုင်ရေးအဖွဲ့ မဟုတ်သောကြောင့် အသစ်ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်သည်။
၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်မည့် အောင်နိုင်ရေး (ဗဟို) အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန် စီစဉ်ခြင်းဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က မဇ္စျိမကို ပြောထားသည်။
NLDတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ဗဟိုကော်မတီ ၁၂၀ ဦး၊ အရံဗဟိုကော်မတီ ၅၀ ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးနှင့် အရံဗဟိုအလုပ်အမှုဆောင် ၅ ဦးတို့ ဖွဲ့စည်းထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာတွင် ၄၃ နေရာအထိ အနိုင်ရရှိထားသည့် ပါတီတစ်ခုဖြစ်ပြီး ပြည်ခိုင်ဖြိုးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးဖြင့် အနိုင်ရထားသည့် ပါတီဖြစ်သည်။