ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် KIA တို့ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းက တစ်နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက မဇ္စျိမကို ပြောသည်။
“hkum pup (ခွမ်ပုပ်)၊ hka pra (ခပရာ), Janchyai hkyet (ဂျန်ကြိုင်ခရပ်) ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ။ ကျဆုံးမှုက မသိရသေးဘူး။ သူတို့က ကျွန်တော်တို့ ရှိနေတဲ့ဘက်ကို ဝင်လာလို့ တိုက်ပွဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ မကွေးအခြေစိုက် ခမရ (၃၁၇) အင်အား ၈၀ ကျော်သည် KIA တပ်ရင်း၂၇ နယ်မြေသို့ ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA ၏ Kachinnet.net တွင် ဖော်ပြထားသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာတွင် တိုက်ပွဲမဖြစ်ပွားသည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး ယခုပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အစိုးရ စစ်တပ်က တပ်ရင်း ၄ ရင်းခန့် နမ်းခမ်းဘက်မှ မန်ဝင်းဘက်သို့ စစ်အင်အား ၄၀၀ ခန့် တိုးမြင့်ချထားသည်ဟု သူက ဆက်ပြောသည်။
“အရင်လကစပြီး စစ်တပ်က မန်ဝင်းဘက်ကနေ မန်ဒပ်ဘက်ကိုလည်း ဝင်တာတယ်။ ဂျေခမ်း တပ်စခန်းကနေ နားခမ်၊ ဂေါင်ရုန် ဘက်မှာလည်း အများကြီး တိုးချဲ့ထားတယ်။ တပ်အပြောင်းအလဲလုပ်တယ် လို့တော့ ပြောတယ်။ ဒါပေမဲ့ တပ်ပြောင်းတာတော့ မတွေ့ဘူး။ ပိုပိုတိုးလာတာပဲ တွေ့တယ်”ဟု သူက ပြောသည်။
ထို့ပြင် KIA တပ်မဟာ ၄ လက်အောက်ခံ နယ်မြေဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မကြာခဏ တိုက်ပွဲငယ် ဖြစ်ပွားမှု ရှိနေသလို၊ စစ်အင်အားလည်း တိုးမြင့်မှုများရှိနေဆဲ ဖြစ်သည်ဟု တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ မှ ဗိုလ်မှူးကြီး ဇော်ဆိုင်းက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့်လက ဖားကန့်မြို့နယ်အတွင်အနီး KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နေရာအား ဆုတ်ခွာပေးရန် အစိုးရဘက်မှ ညွန်ကြားလာသဖြင့် စစ်ရေးတင်းမာမှုများရှိခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့ပေ။
ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြန်လည် ဆွေးနွေးရန် သဘောတူခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တွေ့ဆုံမှုကို နိုဝင်ဘာလအတွင်းသို့ ရွှေ့ဆိုင်းထားသည်။