သျှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသအတွင်း တိုက်ပွဲများ ရပ်တန့်ပြီး အစိုးရ တပ်များ တိုင်းရင်းသား ဒေသအတွင်းမှ ထွက်ခွာ ပေးပါရန် မြန်မာ အစိုးရအား အမေရိကန် သမ္မတ အိုဘားမားမှ တွန်းအား ပေးဖို့ သျှမ်းလူမှု အသိုင်းအဝိုင်း အဖွဲ့က ကြေငြာချက် ဖြင့်ထုတ် ပြန်ကြေငြာသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာပြည်သို့ရောက်ရှိစဉ် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပါက တိုင်းရင်းသားအရေး ထည့်သွင်း ဆွေးနွေးပေးနိုင်ရေး၊ နိုင်ငံရေးစကားဝိုင်းအမြန်ဆုံး လုပ်ပေးနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေ ပြင်ဆင် နိုင်ရေး၊ နိုင်ငံရေးစကားဝိုင်းမဖြစ်သေးဘဲ ငြိမ်းချမ်းရေးတည်ဆောက်နေဆဲကာလ တိုင်းရင်းသား နယ်မြေအတွင်း ထွက်ရှိသယံဇာတများ တူးဖေါ်ထုတ်ယူသုံးစွဲခွင့် မပြုစေရေး အတွက် သျှမ်းလူမှုအသင်းအဖွဲ့များ စုပေါင်း တောင်းဆိုခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေးလုပ်နေတယ်ပြောတယ်လို့ပြောပေမယ့် ကျနော်တို့ တိုင်းရင်းသားဒေသမှာ တိုက်ပွဲ နေ့တိုင်းဖြစ်နေသေးတယ်။ လူထုကို တပ်မတော်စစ်ကြောင်းက လမ်းပြခိုင်းတယ်။ တပ်စခန်းတွေ ဆောက်လုပ်ပေးခိုင်းတယ်။ သက်ကယ်ဝါးတွေပို့ပေးဖို့ တောင်းဆိုတယ်။ ခံတုတ်ကျင်းတွေ တူးခိုင်းတယ်။ သူပုန်ဆိုပြီး ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်တယ်၊ ဒီအခြေအနေကို သိစေချင်လို့ ပါ” ဟု ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် ကပြောသည်။
အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်တအာင်းအမျိုးသားတပ်မတော်TNLA (ပလောင် တပ်ဖွဲ့) နှင့် အစိုးရ တပ်မတော်တို့ ကွတ်ခိုင်မြို့နယ် အတွင်းတိုက်ပွဲများ လောလော လတ်လတ်ဖြစ်ပွား နေသေးကြောင်း၊ ထို့အတူသျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိသျှမ်းပြည်တပ်မတော်၏တာ့ဖါ ဆောင် တပ်စခန်းနေရာအားလည်း အစိုးရ တပ်မတော်က အစားထိုးဝင်ရောက်နေထိုင်နေကြောင်း ပြောကြားထား၏။ ထို့အပြင် ဒေသခံများ ထံမှ လုပ် အား နှင့်အခြားပစ္စည်းများ ဆင့်ခေါ်ယူမှုလည်း ရှိနေသေး ကြောင်း လည်း စိုင်းဟော်ဆိုင်က ပြောသည်။
မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးတည် ဆောက် နေပြီ ဟု ပြောနေသော်လည်း တိုင်းရင်းသားဒေသအတွင်းရှိ တပ်မတော် တပ်အင်အားလျှော့ ချခြင်း၊ တပ်များ နယ်စိုးမိုးမှု ချဲ့ထွင်နေခြင်းများဆက်တိုက်ပြုလုပ်နေသောကြောင့် ကချင်၊ ကရင် နှင့် သျှမ်းပြည် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။