စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ နန်ပင်ကျေးရွာအုပ်စုနှင့် ရှဲဂန်းကျေးရွာအုပ်စုများ အတွင်းရှိ ကျေးရွာအများစုသည် သောက်သုံးရေ သန့်ရှင်းခြင်းမရှိသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျောရောဂါများကျ ရောက်ခဲ့ပြီး ထိုရောဂါကြောင့် လေးရက်အတွင်း လူနှစ်ဦးသေဆုံးကာ ကူးဆက်ခံရသည့် ဝေဒနာရှင် (၅၂) ဦးမှာ ဆေးကုသမှု ခံယူနေရသည်။
“ဒီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျောရောဂါ ဝေဒနာရှင် (၅၉) ဦးရှိပါတယ်။ မစိန်တိုက်နယ် ဆေးရုံမှာတော့ ကျား (၃) ဦး၊ မ(၄) ဦး ပေါင်း (၇) ဦး ဆေးကုသမှုခံယူနေပါတယ်၊ အဲ့ဒီရောဂါနဲ့ ပတ်သက်ပြီး လူနှစ်ဦးသေဆုံးသွားခဲ့ပါတယ်” ဟု မစိန်တိုက်နယ် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသူ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။
သေဆုံးသူများအနက် နန်းပင်ကျေးရွာနေ ဝမ်းပျက်ဝမ်းလျော ဝေဒနာရှင် မဝင်းသန်းဆိုသူသည် သုံးကြိမ်ဆက်တိုက် ဝမ်းလျောပြီးနောက် ဝမ်းလျောသည့်နေရာမှာပင် သေဆုံးသွားခဲ့သည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးဝင်းမောင်၏ အပြောအရ သိရကြောင်း ကျန်းမာရေးဝန်ထမ်းက မဇ္စျိမကို ပြောသည်။
ယင်းသို့ ရောဂါဖြစ်ပွားမှုကြောင့် ကလေးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး နှင့် အဖွဲ့သည် ကျေးရွာများသို့ လိုက်လံ၍ ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သောက်သုံးရေးသန့်ရှိမှုရှိရန် ပညာပေးဟောပြောခြင်း၊ အထူးကြပ်မတ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။