ခွင့်ပြုချက်မရ၍ ဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်ကာ ရန်ကုန်တက္ကသိုလ်သို့ ဝင်ရောက်

ခွင့်ပြုချက်မရ၍ ဆန္ဒပြကျောင်းသားများ ခြံစည်းရိုးကျော်ကာ ရန်ကုန်တက္ကသိုလ်သို့ ဝင်ရောက်
by -
မွန်အေဂျင်စီ

ရန်ကုန်တက္ကသိုလ်ဝင်းသို့ ဆန္ဒပြကျောင်းသားများ ၀င်ရောက်မည်ကို ကျောင်းအာဏာပိုင်များတားမြစ်သဖြင့် ခြံစည်းရိုးကျော်ကာ အတင်းဝင်ရောက်ပြီး သမဂ္ဂအဆောင်ဟောင်းအား နိုဝင်ဘာလ ၁၅ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ကျောင်းသားများ ၀င်ရောက်ဦးညွတ်ခဲ့သည်။

ကျောင်းသားများအနေဖြင့် ရန်ကုန်တက္ကသိုလ်အား ၀င်ရောက်ခွင့်ရရန် ကျောင်းအာဏာပိုင်များထံ မိနစ် ၃၀ ကြာတောင်းဆိုခဲ့ရာ ခွင့်မပြုသဖြင့် ယင်းကဲ့သို့ကျော်တက်ခဲ့ရကြောင်း ပါ၀င်ဆန္ဒပြနေသော မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး တာဝန်ခံ ကိုဘုန်းမြတ်နိုးက ပြောသည်။

imna1701

ကိုဘုန်းမြတ်နိုးက “ရန်ကုန်တက္ကသိုလ်က ဟိုးအရင်က တိုင်းရင်းသားပေါင်းစုံ ပညာသင်ခဲ့တဲ့ နေရာ တစ်ခုပါ၊ ကျောင်သားသမဂ္ဂ အဆောက်အအုံဆိုတာကလည်း ကျွန်တော်တို့ တိုင်းရင်းသားအားလုံးခေါင်းဆောင်ဖြစ်ခဲ့တဲ့ နေရာတစ်ခုပါ၊ ဒါကြောင့် ကျွန်တော်တို့ အလေးလာပြုတာပါ”ဟု ပြောသည်။

အဆိုပါ ကျောင်းသားသမဂ္ဂ အဆောက်အဦးသည် မြန်မာနိုင်ငံ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းလက် ထက်က ဖောက်ခွဲဖျက်စီးခဲ့သော နေရာတစ်ခု ဖြစ်သည်။

ဆန္ဒပြ ကျောင်းသားဦးရေ ၃၀၀ခန့်သည် အဆိုပါနေ့နေ့လည် ၁၁ နာရီအချိန်က ရန်ကုန်မြို့ရှိ သမိုင်းလမ်းဆုံမှ စတင်လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး နေလည် ၄ နာရီ ၃၀ အချိန်တွင် လှည်းတန်း ခုံးကျော်တံတားအောက်၌ ဆက်လက်ဆန္ဒပြနေခဲ့ကြသည်။

ဆန္ဒပြ ကျောင်းသားများက “ဒီမိုကရေစီပညာရေးဒို့အရေး၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး၊ ကျောင်းသားပြည်သူကို အခြေမခံတဲ့ အမျိူးသားပညာရေး အလိုမရှိ”ပာူ၍ ကြွေးကြော်ခဲ့ကြသည်။

imna1702

ကျောင်းသားများ အနေဖြင့် ဆန္ဒပြပွဲများအား လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ကျရောက်မည့် နိုင်ငံတကာ ကျောင်းသားများ နေ့အထိ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဗကသ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ကျောင်းသား ကိုရဲရင့်ကျော်က ပြောသည်။

ကိုရဲရင့်ကျော်က “ကျွန်တော်တို့ ဒီအနေအထားလေးနဲ့တာ့ ကျွန်တော်တို့မျှော်လင့်ထားတဲ့ ဒီမိုကရေစီ ပညာရေးဥပဒေကြမ်း ပေါ်ပေါက်လာမယ်မထင်ဘူး”ဟု ပြောသည်။

အဆိုပါဆန္ဒပြ ကျောင်းသားများအနေဖြင့် အာဏာပိုင်များနှင့် ထိတွေမှုများ ယခုအချိန်အထိ မရှိသေးကြောင်း ရန်ကုန်တက္ကသိုလ်အတွင်းသို့ ကျောင်းအာဏာပိုင်များက ၀င်ခွင့်မပေးသည့် ဖြစ်ရပ်သာ ရှိသေးကြောင်းသိရသည်။

အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် ကျောင်းသားများက ယမန်နေ့ စတင်ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုများဆက်တိုက်ပြုလုပ်သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ကျောင်းသားထု အရေးပေါ်အစည်းအဝေးကျင်းပ ပြီးနောက် မြန်မာတစ်ပြည်လုံးရှိ ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။