မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို နိုဝင်ဘာ ၁၃ရက်အထိ အောင်မြင်စွာ ထမ်းဆောင်ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ်အတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးအတွက် မလေးရှားနိုင်ငံသို့ လွှဲအပ်လိုက်ပြီ ဖြစ်သည်။
နိုဝင်ဘာ ၁၃ရက်ညနေက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MICC)တွင် ၂၅ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲ၌ ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်က မလေးရှားဝန်ကြီးချုပ် Najib Razakကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံက ဥက္ကဋ္ဌရာထူးအတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင် တာဝန်ထမ်းဆောင်ရမည် ဖြစ် သည်။
"လာမယ့်နှစ်မှာ ထူထောင်မယ့် အာဆီယံ အသိုက်အဝန်းဟာ အာဆီယံရဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ် လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် အာဆီယံ ပြည်သူတွေဟာ အသိုက်အဝန်းရဲ့ အကျိုးကို ခံစားကြရမှာဖြစ်သလို စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင် ဖြေရှင်းဖို့ကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။" ဟု သမ္မတ ဦးသိန်းစိန်က ပိတ်ပွဲအခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံ အသိုက်အဝန်းပေါ်ပေါက်ရေး အတွက် ၂၀၁၄ ခုနှစ်တွင် ကြိုးပမ်းပေးခြဲ့့ပီး ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်မည့် အသိုက်အဝန်းများအတွက် မလေးရှားက ဆက်လက်အကောင်အထည်ဖော်ရ မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏အာဆီယံဆောင်ပုဒ်မှာ ရှေ့သို့တူညီတက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ ဖြစ်ပြီး မလေးရှား ဥက္ကဌ တာဝန် ထမ်းဆောင်ချိန်တွင် Our people, our community. Our vision ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာပြီး သက်တမ်း ၁၇နှစ်ကြာ ထမ်းဆောင်ခဲ့ရာ ယခု ၂၀၁၄ခုနှစ်သည် ပထမဆုံးအဖြစ် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။ အက္ခရာစဉ်အရ မြန်မာနိုင်ငံက ၂၀၀၆ခုနှစ်က ဥက္ကဋ္ဌရာထူး ထမ်းဆောင်ရမည်ဖြစ်သော်လည်း စစ်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာက ဖိအားပေး၍ အာဆီယံဥက္ကဋ္ဌရာထူးနေရာ လွဲချော်ခဲ့ရသည်။
ထို့ပြင် နိုဝင်ဘာ ၁၈ရက်၌လည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (ASEAN-BAC) ဥက္ကဋ္ဌ ရာထူးအတွက် လက်ရှိ မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က တာဝန်ထမ်းဆောင်နေရာမှ မလေးရှားနိုင်ငံဆိုင်ရာ ဥက္ကဌ ဒေါက်တာ Mohd Munir Bin Abdul Majid က လွှဲပြောင်း ရယူမည်ဖြစ်သည်။