ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ရေးထိုးထားသည့် ပြည်သူလက်မှတ် ငါးသန်း၏ လက်မှတ်များကို သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်က လျစ်လျူရှု ထား၍ နိုင်ငံတကာ ခေါင်းဆောင်များက ဖိအားပေးတိုက်တွန်းပေးရန် ပြည်တွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများက နိုဝင်ဘာ ၁၂ ရက်တွင်အင်အား ၆၀၀ ဝန်းကျင်ဖြင့် ဆန္ဒပြသည်။
ကမာရွတ်မြို့နယ် (လှည်းတန်းလမ်းဆုံ)၊ နာနတ်တောလမ်း၊ ကျွန်းတောလမ်းတစ်လျှောက် ဂျန်းရှင်း စကွဲစင်တာရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒ ထုတ်ဖော်သူများက ပြည်သူလက်မှတ် ငါးသန်း အရေးထားဆောင်ရွက်ပေးရန်၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ပေးရန်၊ ပုဒ်မ ၄၃၆ ချက်ချင်း ပြင်ဆင်ပေးရန်၊ ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၆ (စ) ပြင်ဆင်ပေး ရန်၊ လွှတ်တော်တင်သည့် ပီအာရ်စနစ်ချက်ချင်း ရပ်ဆိုင်းပေးရန်စသည့် ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ ကြွေးကြော်ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရန် ကမာရွတ် ရဲစခန်းသို့ အသိပေးလျှောက်ထားသော်လည်း နိုဝင်ဘာလ ၁၆ ရက်မှသာ ခွင့်ပြုချက်ရထားသော်လည်း ယနေ့ကျင်းပခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် တိုက်ကြီးမြို့နယ်၊ ဖြူးမြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တွံတေး၊ ဒလ၊ ကြည့်မြင် တိုင်၊ ဒဂုံမြို့သစ်လေးမြို့ နယ်၊ သာကေတမြို့နယ်များ အပါအဝင် မြို့နယ်ပေါင်းစုံမှ သုံးရောင် ခြယ် အဖွဲ့၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင် ရေးကွန်ရက်၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ကွန်ရက်နှင့် ဒီမိုကရေစီ အင်အားစု အဖွဲ့များ၊ ပီအာရ်စနစ် ကန့်ကွက်သူများ ကွန်ရက်စသည်တို့ ပါ၀င်သည်။ ထို့ပြင် တောင်းဆို ချက်များကို သမ္မတအိုဘားမားနှင့် အာဆီယံ ခေါင်းဆောင်များထံသို့ စာပို့မည်ဟု သုံးရောင်ခြယ်အဖွဲ့ဝင် ကိုကျော်ကျော်ဝင်းက ဆိုသည်။