၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးဟု ဘန်ကီမွန်းပြော

၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးဟု ဘန်ကီမွန်းပြော
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲများ၏ ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သည့် ရွေးကောက်ပွဲများသည် မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားသည်။

၎င်းက “ပွင့်လင်းမြင်သာပြီး အားလုံးပါ၀င်တဲ့ လာမည့်နှစ်ရွေးကောက်ပွဲတွေဟာ မြန်မာ့အနာဂတ်အတွက် အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

25th-ASEAN-Summit-Conference-01

ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တပ်မတော်က ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က အများစုအနိုင်ရခဲ့သည့် ရွေးကောက်ပွဲနှင့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတို့ သာ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ယခုလ ၁၂ ရက်နှင့် ၁၃ ရက်များတွင် စတင်ကျင်းနေသည့် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်အပြီး မီဒီယာများနှင့်တွေ့ ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ”မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ရောက်နေပါတယ်။ ဒီထက်ထပ်လုပ်ဖို့လည်း တိုက်တွန်းပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြုပြင်ရေးအကောင် အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာကို မဆွေးနွေးမီ တစ်ရက်အလိုတွင် ၎င်းက ပြောခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် မရှိစေသည့် ပုဒ်မ ၅၉(စ) ထည့်သွင်းထားခြင်းကို ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုများလည်းရှိနေသည်။

ထို့ပြင် ၎င်းက ရခိုင်ရှိ ရိုဟင်ဂျာ(ဘင်္ဂါလီ) လူနည်းစုခွဲခြားဆက်ဆံခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းအတွက် စိုးရိမ်မိသည် ဟုလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံမဲ့များကိုလည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေသာမက နိုင်ငံတကာ လူ့အခွင့် အရေး စံနှုန်းများနှင့်အညီ နိုင်ငံသား ဖြစ်ထိုက်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်လည်း ၎င်းက မြန်မာ အစိုးရကို တိုုက်တွန်းခဲ့သည်။

၎င်းက ”ဒါဟာ ကျွန်တော် မနက်ဖြန်မှာ သမ်္မတဦးသိန်းစိန်နဲ့ တွေ့ရင်ပေးမယ့် အကြောင်းအရာပါ။တကယ်လို့မကိုက်ညီဘူး ဆိုရင်လည်း လူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစားရမယ် ”  ဟု လည်းပြောကြားခဲ့သည်။

၎င်း၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသားများက ဘင်္ဂါလီဟု ခေါ်ဆိုသော လူနည်းစုအား ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ပြီး လူနည်းစု အခွင့်အရေးအတွက် သုံးနှုန်းခြင်းဖြစ်သည်ဟု သတင်းထောက် တစ်ဦး၏မေး မြန်းမှုကို ပြန်ဖြေသည်။