မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် တည်ငြိမ်ရေးသည် အိန္ဒိယနိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ဆက်လက်ရပ်တည်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Syed Akbaruddin က နိုဝင်ဘာ ၁၂ ရက် ည ရ နာရီက နေပြည်တော်ရှိ Golden Myanmar ဟိုတယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် အိန္ဒိယနိုင်ငံသည် မတူကွဲပြားသည့် လူမျိုးနွယ်များဖြင့် ဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံးအကောင်အထည်ဖော်ရာတွင် အောင်မြင်သည့် နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်ဟု မြန်မာ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိန္ဒိယ ဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း အဆိုပါ ပြောရေဆိုခွင့်ရှိသူက မဇ္စျိမ၏ မေးမြန်းမှုကို ပြန် လည်ဖြေကြားသည်။
၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး ဆက်စပ်အစည်းအဝေးတက်ရောက်နေသည့် အိန္ဒိယဝန်ကြီးချုပ် Shri Narendra Modi သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ်က၊ ဒေါ်အောင်ဆန်းစုကြည်အား (Symbol of Democracy) ဒီမိုကရေစီ၏ သင်္ကေတဖြစ်သည်ဟုပြောခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၁၁ရက်ကလည်း သမ္မတဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနိုင်ရေးနှင့် ခရီးသွား မြှင့်တင်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းဆွေးနွေးခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။