စစ်မှန်သည့် ငြိမ်းချမ်းရေးကို အစိုးရ အမှန်တကယ် လိုလားပါက အစိုးရ စစ်တပ်များ တိုင်းရင်းသား ဒေသမှ ဆုတ်ခွာ ပေးရန် ကချင်နှင့် သျှမ်းအဖွဲ့က တောင်းဆို လိုက်သည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလ ကချင်၊ ကရင်နှင့် သျှမ်းပြည်တွင်း အစိုးရစစ်တပ်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ဝင်းအတွင်း၌ “Attacks on Peace” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
“မြန်မာအစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတာ အောင်မြင်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်ကြတယ်။ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းလာကြတယ်။ နိုင်ငံတကာက တိုင်းရင်းသားဒေသမှာ တကယ်ဖြစ်ပျက်နေတာကို လျစ်လျူရှုတာမဟုတ်ပေမဲ့ သိပ်ပြီးမပြောကြတော့ဘူး။ ဒါကြောင့် တကယ်ဖြစ်ပျက်နေတာကို ပြန်ဆွေးနွေးကြဖို့ တိုက်တွန်းချင်တဲ့သဘောနဲ့ ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပရတာပါ” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ပြောရေးဆိုခွင့်ရှိသူ နန်းခေါန်လိတ်က ပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလတွင် ကချင်၊ ကရင်၊ သျှမ်းပြည်အတွင်း၌ အစိုးရစစ် တပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် ကချင်ပြည်အတွင်း စစ်ပြေးဒုက္ခသည် လေးသောင်းခန့်၊ သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မြို့နယ်၌ စစ်ပြေးဒုက္ခသည် ထောင်ချီအပြင် ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များလည်း အများအပြားရှိနေသေး ကြောင်း၊ ပြည်သူလူထုမှာ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ခံနေရ ကြောင်း ဆိုသည်။
“ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်ရင် တိုင်းရင်းသားဒေသကနေ အစိုးရစစ်တပ်တွေ ဆုတ်ခွာ ပေးဖို့၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆို ချင် တယ်။ နိုင်ငံရေးဆွေးနွေးမှု မပေါ်ပေါက်မချင်း ပြည်ပရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဖို့လည်း တိုက် တွန်းချင်တယ်” ဟု ကချင်အမျိုးသမီးအစည်းအရုံး KWAT မှ Joint-Coordinator မဂျက်စီးကာအင်ခွမ် က ပြောသည်။
အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး တဖက်မှာလည်း အစိုးရစစ်တပ်က တိုင်းရင်းသားဒေသ၌ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုး ဖောက်နေခြင်းဖြစ်ကြောင်း နန်းခေါန်လိတ်က ဆိုသည်။
“စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကို ရပ်တန့်ကရပ်ဖို့ တောင်းဆိုချင်တယ်။ နောက် ပဋိပက္ခကို ပိုကြီးထွားလာစေမဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့ တိုက်တွန်းချင်တယ်။ နိုင်ငံရေး ပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေလည်း လက်ရှိဖြစ်ပျက်နေတာကို စားပွဲပေါ်မှာ ဆွေးနွေးကြဖို့ တိုက်တွန်းချင်တယ်။” ဟု နန်းခေါန်လိတ်က ဆက်လက်ပြောပြသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ သံရုံးကိုယ်စားလှယ်များ၊ တက္ကသိုလ်ပါမောက္ခများ ၊ ဘွဲ့နှင့် ဘွဲ့လွန် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ၊ AP ၊ AFP နှင့် အခြားသော သတင်းဌာနများ စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်နားထောင်ကြသည်။
Regional Center for Social Science and Sustainable Development (RCSD) မှ ဒေါက်တာ Dr. Chayan Vaddhanaphuti မှအဖွင့်စကားပြောကြားပြီး ကချင်အမျိုးသမီး အစည်း အရုံး KWAT မှ မဂျက်စီးကာအင်ခွမ်၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး ပူးပေါင်းဆောင် ရွက် ရေးအသင်း KESANမှ ပေါလ်စိန်ထွာ နှင့် သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRFမှ နန်းခေါန်လိတ် တို့က ဧည့်သည်များအား ရှင်းလင်း ပြောပြခဲ့သည်။