ကာကွယ်ရေးမှလွဲ၍ ဝန်ကြီးဌာနအချို့ ထပ်တိုးတောင်းခံငွေများ ဖြတ်တောက်ခွင့် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ကာကွယ်ရေးမှလွဲ၍ ဝန်ကြီးဌာနအချို့ ထပ်တိုးတောင်းခံငွေများ ဖြတ်တောက်ခွင့် ပြည်ထောင်စုလွှတ်တော် အတည်ပြု
by -
မဇ္စျိမ

လက်ရှိဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းဖြင့် တင်ပြထားသော ရငွေသုံးငွေများအတွက် ပြင်ဆင်ချက်အဆိုများအား ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုချက်ရယူရာ ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုသာလျှင် ထပ်တိုးတောင်းခံငွေ အပြည့်အဝသုံးစွဲခွင့် ရရှိခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ တင်ပြတဲ့ ဘန်ကာ ငါးလုံးစာ ကျပ်သန်း ၁၀၀ ငွေကိုသာ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကသာ မဖြတ်တောက်ဘူးဆို ရင် ရှေ့တန်းရောက် စစ်သည်များအနေနဲ့ ဘယ်လောက်များ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျေးဇူးတင်နေ မလဲလို့ ကျွန်တော် စဉ်စားနေမိပါတယ်” ဟုဆိုကာ ဘဏ္ဍာငွေ မဖြတ်တောက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်ထောက်ချုပ်ရုံး၏ စစ်ဆင်ရေးလုပ်ငန်းမှ ကျပ်သန်း ၁၀၀ သုံးစွဲခွင့်ကို ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုမှ ငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်ပြောင်းလဲ သုံးစွဲရန် အဆိုတစ်ရပ် တင်သွင်းခဲ့သော်လည်း အဆိုရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ကျန်ဝန်ကြီးဌာနများဖြစ်သည့် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ သ/မ၊ လယ်/ဆည်၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးနှင့် နေပြည်တော်ကောင်စီတို့ အသီးသီး ထပ်တို့တောင်ခံဘဏ္ဍာငွေအား ပြည်ထောင်စုလွှတ်တော်က တင်ပြထားသည့်အတိုင်းသာ အတည်ပြုခဲ့သည်။

၎င်းတို့ထဲတွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့ ထပ်တိုးတောင်းခံ ထားသော ငွေများသည် ထပ်တိုးတောင်းခံရန် သတ်မှတ်ထားသည့် ဆယ်ရာခိုင်နှုန်းထက်ပိုမို နေသော်လည်း ၁၅ ရာခိုင်နှုန်းထိ ခွင့်ပြုပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ထောက်ပြ ပြောဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိုင်က “ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကနေ ပြီးတော့ ဖြည့်စွက်ငွေစာရင်းမှာ ၁၀ရာခိုင်နှုန်းထက် မကျော်သင့်ဘူးလို့ မှတ်ချက်ပြုထားပေမယ့် နေပြည်တော် စည်ပင်သာယာရေးကော်မတီကို ကြည့်လိုက်တဲ့အခါမှာ ၂၅ ရာခိုင်နှုန်း ကျော်လွန်နေတာ တွေ့ရှိရပါတယ်” ဟု ရှင်းသည်။

နေပြည်တော်ကောင်စီက သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်း ၅၀၀ တောင်းခံခဲ့သော်လည်း ကျပ်သန်း ၂၅၀ ဖြတ်တောက်ခဲ့ပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီ တင်ပြတောင်းခံငွေ ကျပ် သန်း ၃၀၀၀ကို ကျပ်သန်း ၁၈၆၀ လျော့ချရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်း ၃၃၅၇၈ ဒသမ ၆၅၁ တောင်းခံရာ နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့် အဆောက်အဦး တည်ဆောက်ခြင်းအတွက် ကျပ်သန်း ၆၄၅၀ ဒသမ ၆၆၃ အား ဝန်ကြီးဌာန၏ တင်ပြချက်အရ ပယ်ဖျက်ခဲ့သည်။

ထို့အပြင် သမဝါယမဝန်ကြီးဌာန တင်ပြတောင်းခံငွေ ကျပ်သန်း ၃၉၁၆၇၅ ဒသမ ၀၉၆ အား ကြွေးမြီ ထုတ်ချေးငွေ ကျပ်သန်း ၂၉၄၆၇၅ ဒသမ ၀၉၆ အားလျော့ချ အတည်ပြုပေးခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း ၄၉၀ အား ကျပ်သန်း ၉၂ သန်းကိုလည်း ဖြတ်တောက်လျော့ချခဲ့သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တင်ပြတောင်းခံသော ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၄၉၆၄၈ ဒသမ ၉၈၅ အား ဆည်မြောင်းဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း ၃၈၁ ဒသမ ၀၈၁ လျှော့ချရန် အတည်ပြုခဲ့သည်။

ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် အဆိုများအား ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရန် စက်ခလုတ်နှိပ် ဆန္ဒများကောက်ခံခဲ့ရာ ကြားနေမဲများရှိနေခြင်းကြောင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းက “ ကိုယ်စားများအနေနဲ့ ဂုဏ်သိက္ခာရှိရှိမဲပေးဖို့လိုပါတယ်” ဟု သတိပေးခဲ့သည်။

Most read this week