အာဆီယံနိုင်ငံများ၏ စိန်ခေါ်မှုများဖြစ်သော အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒ အပါအဝင် သဘာဝဘေးအန္တရာယ်များ၊ အီဘိုလာရောဂါပိုးကဲ့သို့ ကူးစက်ရောဂါများနှင့် ကမ္ဘာ့စီးပွားရေး မရေမရာမှုများကို စည်းလုံးညီညွတ်စွာ တွန်းလှန်ရန် လိုအပ်သည်ဟု သမ္မတဦးသိန်းစိန်က အလေးအနက် တိုက်တွန်းလိုက်သည်။
“စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်တဲ့ စွမ်းရည်ကို စဉ်ဆက်မပြတ်ထူထောင်ရန် လိုအပ်တယ် ဆိုတာကို အလေးအနက်ထား ပြောကြားလိုပါတယ်” ဟု နေပြည်တော်တွင် နှစ်ရက်ကြာကျင်းပမည့် (၂၅) ကြိမ် မြောက် အာဆီယံနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်အလွန် ပေါ်ပေါက်လာမည့် အာဆီယံ အသိုက်အဝန်းအနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ချို့ကို သမ္မတဦးသိန်းစိန်က အလေးထား ပြောဆိုခဲ့ရာတွင်လည်း အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုနှိမ်နင်းရေးတို့ကို ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၁၅အလွန် စိန်ခေါ်မှုများအဖြစ် “ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ ရေဖူလုံမှု၊ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ အကြမ်းဖက်မှု၊ အစွန်းရောက်မှုနှိမ်နင်းရေး၊ သတင်းအချက်အလက် လုံခြံုရေး၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခို ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ စွမ်းရည်မြှင့်တင်သွားဖို့ လိုအပ်ပါတယ်” ဟု သမ္မတက ဆိုသည်။
ထို့ပြင် အာဆီယံအနေဖြင့် ဆင်းရဲမှုနှင့် ဖွံ့ ဖြိုးမှုကွာဟချက်ကို လျှော့ချကာ ဖွံ့ဖြိုးမှုရလာဒ်ကို ပြည်သူအားလုံး ခံစားနိုင်ရန် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန်လည်း ၎င်း၏ မိန့်ခွန်းတွင် တိုက်တွန်းထားသည်။