ဟိုပုံးကျားဖြူပါတီ ဒု-ဥက္ကဌ အသတ်ခံရမှု သျှမ်းပြည်နယ် အစိုးရ စိစစ်ပေးမှုမရှိ

ဟိုပုံးကျားဖြူပါတီ ဒု-ဥက္ကဌ အသတ်ခံရမှု သျှမ်းပြည်နယ် အစိုးရ စိစစ်ပေးမှုမရှိ
by -
သျှမ်းသံတော်ဆင့်

လူသတ်မှုသံသယဖြင့် မြို့နယ် ရဲများ၏ ပစ်သတ် ခံရသော ဟိုပုံးမြို့နယ် ကျားဖြူ ပါတီ မြို့နယ် ဒုဥက္ကဌ (ဦး)လုံးရွှေ အမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရထံ တင်ပြ တောင်းဆို ထားသော်လည်း ကွင်းဆင်း စိစစ်ပေးမှုမရှိသေးဟုု ကျားဖြူ ပါတီက ပြောသည်။

“အမှုမှန်ပေါ်ပေါက်ရေးအတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ် နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆီကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စာတင်ထားတယ်။ ခုထိ အရေးယူပေးတာမရှိသေးဘူး။ အဲဒီအတွက်ဆက်လက်တောင်း ဆို ထားတယ်။” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ ပြောသည်။

Sai Maung Tin

သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ်စုတွင်  ဂျွန်လ ၄ ရက်နေ့က NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရသောကိစ္စနှင့်ပတ်သက်၍ SNDP ကျားဖြူပါတီ ဒုဥက္ကဌ လုံးရွှေအား လူသတ်မှုဖြင့် သံသယရှိသူအဖြစ် စက်တင်ဘာလ ၁၂  ရက်နေ့က သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာ ဟိုပုံး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သံသယရှိတာနဲ့ပဲ ဒီလိုအသက်တစ်ချောင်းကို ရဲကပစ်ပိုင်ခွင့်ရှိသလား၊ ပါတီရဲ့ဒု-ဥက္ကဌတစ်ဦးဖြစ်တဲ့ အတွက် ရွေးကောက် ပွဲကော်မရှင်ကိုလည်း တင်ပြမယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဥက္ကဌကိုလည်းတင်ပြမယ်၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အထိတင်မယ် ” ဟု ဟိုပုံးမြို့နယ် ကျားဖြူပါတီဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေမှ ပြောသည်။

ဦးလုံးရွှေ၏ သားဖြစ်သူကလည်း “ကျနော့်အဖေ ပစ်သတ်ခံရတဲ့ ကိစ္စမကျေနပ်ဘူး ၊ ဒါကြောင့်တရား စွဲမှာဖြစ် တယ်”  ဟု ပြောသည်။ တရားစွဲဆိုရာတွင် ကျားဖြူပါတီမှ ပါတီရန်ပုံငွေဖြင့် ဥပဒေနှင့်အညီ အမှုမှန် ပေါ်ပေါက် ရန် ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။

“ရဲဆိုတာဥပဒေရဲ့ဘက်တော်သား၊ပြည်သူကိုကာကွယ်ရမယ့် ဥပဒေရဲ့ဘက်တော်သား၊ ဒါမျိုးလုံးဝမဖြစ် သင့်ဘူး၊ ကျနော်တို့အနေနဲ့လည်းလုံးဝသည်းမခံနိုင်ဘူး။ အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆက်လက် ဆောင်ရွက် သွားမယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ တရားဥပဒေ စိုးမိုးမှု ရဲ့အောက်မှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ အပြီးသတ်စီရင်ရ မယ့်ကိစ္စမှာ ခုလိုပြည်သူ့ရဲက သေနတ်နဲ့ပစ်သတ်တာ လုံခြုံမှုမရှိ ဘူးဆိုတဲ့သဘောပေါ့ ” ကျားဖြူပါတီမှ  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှပြောသည်။

တရားဥပဒေကိုမျက်ကွယ်ပြုသောလုပ်ရပ်ကြောင့် တရားဥပဒေစိုးမိုး ရေးမရှိနိုင်ကြောင်း ၊နိုင်ငံ၏တည်ငြိမ်အေး ချမ်းမှု ထိခိုက်ပျက်ပြားစေကြောင်း၊ လူတိုင်းတရားဥပဒေအကာအကွယ်ရရှိစေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် အေးအေးလူလူ လုပ်ကိုင်စားသောက်စေချင်ကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ကျားဖြူပါတီမှပြုလုပ်သော  သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်မှူးထံသို့ စက်တင်ဘာ ၂၃ ရက်နေ့ကဆက်သွယ်မေးမြန်းခဲ့ရာ “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း မလိုဘူး။ ကျနော်တို့မှာသက်သေအထောက်အထားတွေရှိလို့ သက်သေတွေရဲ့ ထွက် ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဆေးဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ။ သူ့ကိုသွားခေါ်တော့ အိမ်နောက်ဖက်ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက သွားလိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပေါ့ဟု”  ပြောကြားခဲ့သည်။

ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ သေမှုသေခင်းဖြင့်အမှုဖွင့်ထားကြောင်း ၎င်းကပြောသည်။

Most read this week