အာဆီယံနိုင်ငံများအနေဖြင့် အသိုက်အဝန်း တစ်ရပ်အဖြစ် ပေါ်ပေါက်လာပြီး ပေါင်းစည်းမှု အဆင့်သစ် တစ်ရပ်သို့ ရောက်ရှိလာသည့်အချိန်တွင် အလေးထားဆောင်ရွက်ရမည့် အချက်ငါးချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က အကြံပြုပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၁) တွင် ယနေ့ စတင်ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံအနေဖြင့် တည်ဆောက်ပြီး စံနှုန်းများ ချမှတ်ပြီး စည်းမျဉ်းများကို လိုက်နာအကောင်အထည်ဖော် မှု မြှင့်တင်ရေး၊ အာဆီယံနှင့် မိတ်ဖက်တို့အကြား တည်ရှိပြီးဖြစ်သည့် ဆက်သွယ်ဆောင်ရွက်မှုယန္တရားမှာ သာမက ပေါ်ထွန်းဆဲ ဒေသတွင်းဗိသုကာ တည်ဆောက်မှုများတွင် အာဆီယယံအနေဖြင့် အချက်အချာကျကျ ပါဝင်နိုင်ရန် မဟာဗျူဟာတစ်ရပ် ရှိရန်လိုအပပ်သည်ဟုလည်း တိုုက်တွန်းခဲ့သည်။
၎င်းက ''အာဆီယံအနေနဲ့ ဘာလီကြေညာချက် (၃) မျှော်မှန်းချက်များနဲ့ အညီမိမိတို့ အားလုံးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်များမှာ ပိုမိုစည်းလုံးစွာရပ်တည်ပြီး၊ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍက ပါ၀င်သွားနိုင်ဖို့ ကြိုးပမ်းကြရ မှာ ဖြစ်ပါတယ်'' ဟု ဆိုသည်။
ထို့ပြင်အာဆီယံသည် စီးပွားရေးပေါင်းစည်းမှုမြှင့်တင်ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလမ်းကို လျှောက်လမ်းရင်း ဖွံ့ဖြိုးမှုအရှိန်အဟုန် ဆက်လက်ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် အများပါဝင်နိုင်သည့် ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်မည် ဟုလည်း ၎င်းက ပြောသည်။
၎င်းက ''ဒီကိစ္စနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုးမှုရလဒ်တွေကို ပြည်သူအားလုံးခံစားနိုင်စေရန် အမျိုးသမီးများ၊ ကလေး၊ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတို့ကို မြှင့်တင်ပေးရေးကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်"' ဟု ဆိုသည်။
ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများနှင့် ပိုမိုပေါင်းစည်းမှုများ ကြုံတွေ့လာချိန်တွင် အာဆီယံ၏ ကြံ့ခိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်မြှင့်တင်နေ ရမည် ဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံမှု၊ ကူးစက်ရောဂါကာကွယ်တားဆီးရေး၊ အကြမ်းဖက်မှု၊ အစွန်းရောက်မှု နှိမ်နင်းရေး စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းရည်မြှင့်တင်ရန် လိုအပ်နေသည်ဟုလည်း ပြောသည်။
ထို့ပြင် နောက်ဆုံးအရေးကြီးသည့် အချက်အနေဖြင့် အာဆီယံ၏ အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရန်၊ လုပ်ငန်းစဉ်များ အချိတ်အဆက်မိမိ ရှိစေရန်၊ အဆုံးအဖြတ်ပြုမှုများ ထိရောက်စွာဆောင်ရွက်နိုင်စေရန်နှင့် လုပ်နင်းများကို စနစ်တကျကြပ်မတ်၊ အစီရင်ခံမှု၊ ကောင်အထည် ဖော်နိုင်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း အကြံပြုခဲ့သည်။