မန္တလေးမြို့အဝင် အထွက်တွင် စီအင်န်ဂျီ ဓာတ်ငွေ့ဆိုင် ဖွင့်ရန် တရုတ်ကုမ္ပဏီလေ့လာ

မန္တလေးမြို့အဝင် အထွက်တွင် စီအင်န်ဂျီ ဓာတ်ငွေ့ဆိုင် ဖွင့်ရန် တရုတ်ကုမ္ပဏီလေ့လာ
by -
မဇ္စျိမ

မန္တလေးမြို့အဝင်အထွက် လေးနေရာတွင် စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင်ဖွင့် လှစ်နိုင်ရန် တရုတ်ကုမ္ပဏီတစ်ခုက လာရောက်လေ့လာနေကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင် ဖွင့်လှစ်နိုင်ရန် ယင်းကုမ္ပဏီက ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာနထံ တင်ပြညှိနှိုင်းလျက်ရှိပြီး မန္တလေးမြို့တွင်လည်း CNG အရောင်း ဆိုင်ဖွင့်လှစ်ရန် မြို့အထွက်နေရာ (၄) ခုတွင် လာရောက်လေ့လာလျက်ရှိသည်ဟု ၎င်းက ပြောသည်။

Gas

မန်းမှာ စီအင်န်ဂျီသုံးတဲ့ ကားအရေအတွက် အရမ်းမများပေမယ့် ကျောက်ဆည်ဘက်မှာ အများကြီး ရှိပါတယ်။ အဲ့ဒီ ကားတွေအတွက် စီအင်န်ဂျီ ဓာတ်ငွေ့ အလုံအလောက် မပေးနိုင်သေးပါဘူး။ "အရောင်းဆိုင်တွေ ဖွင့်ဖြစ်ရင်လိုအပ်ချက်ကို အပြည့်အဝပေးနိုင်လာမယ်" ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနက မန္တလေးမြို့တွင် စီအင်န်ဂျီ ဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန် ယခုဘဏ္ဍာနှစ်အတွင်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး မန္တလေး၏မြေဈေး ကြီးမြင့်မှုကြောင့် ဖွင့်လှစ်မည့်နေရာကို စိစစ်ဆဲဖြစ်ကြောင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

မန္တလေးမြို့တွင် စီအင်န်ဂျီ ဓာတ်ငွေ့ အသုံးပြုနေသည့် မြို့တွင်းနှင့် အဝေးပြေး ခရီးသည်တင်ယာဉ်များ၊ ကုမ္ပဏီ ယာဉ်အစီး ရေခြောက်ရာကျော်ရှိပြီး ဓာတ်ငွေ့ ထုတ်ပေးနေသည့် အရောင်းဆိုင်မှာ ပလိပ်မြို့တွင် တစ်ဆိုင်တည်းသာ ရှိသေးသည့်အတွက် ကားအရေအတွက်နှင့် မမျှသဖြင့် အရောင်းဆိုင်များ ထပ်မံဖွင့်လှစ်ရန် လိုအပ်ချက်ရှိကြောင်း မန္တလေးတိုင်း အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်

အဆိုပါ အရောင်းဆိုင်ဖွင့်လှစ်မည့် ကစ္စိသည် လက်ရှိအချိန်တွင် ပြည်ထောင်စုအဆင့်နှင့် ညှိနှိုင်းနေဆဲဖြစ်သော်လည်း မန္တလေးမြို့မှ မုံရွာ၊ ပြင်ဦးလွင်၊ မိုးကုတ် အထွက်လမ်းများတွင် ဆိုင်ဖွင့်လှစ်ရန် နေရာအနေအထားများကို လေ့လာနေပြီ ဖြစ်ကြောင်း ဆိုသည်။