ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် ဒီမော့ဆိုမြို့နယ် ၊ ခြောက်မိုင်စံပြ ကျေးရွာအုပ်စု အတွင်းရှိ လယ်ဧက ၆၀၀၀ နီးပါး မှ သီးနှံအထွက်လျော့ကျပြီး တောင်သူများ အခက်ခဲကြံုနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ဧကခြောက်ထောင်လောက် အကုန်လုံး တစ်ခုမှ မကောင်းဘူး တချို့ဟာတွေဆို ရိတ်လို့တောင်မရတော့ဘူး ပျက်စီးကုန်တာ ဧကပေါင်းများစွာ စိုက်ထားတဲ့ သူတွေတောင် တစ်အိတ်နှစ်အိတ် လောက်ပဲ ပြန်ရတယ် ဘာသွားလုပ်စားလို့ ရတော့မှာလဲ ဒီနှစ်တော့ ဒုက္ခရောက်ကုန်တယ် ”ဟု ခြောက်မိုင် အုပ်စုထဲမှ ကိုကက်စပါးရာ က ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
တောင်သူများမှာ မိမိတို့ လယ်ယာမြေ စိုက်ပျိုးရာတွင် အဓိကအားဖြင့် မိုးရေကိုသာ အားထားရပြီး ယခုလိုမိုးနည်းသည့်ရာသီမျိုးတွင် စိုက်ပျိုးမြေသို့ ဆည်ရေ မပေးဝေနိုင်သည့်အတွက် ယခုလို အထွက်နှုန်းကျဆင်းကာ အခက်ကြံုရခြင်းဖြစ်ကြောင်းဆိုသည်။
၎င်းက“ကျနော်တို့ အရင်နှစ်က ကောင်းသေးတယ်။ ခုဒီနှစ်တော့ ဘာတစ်ခုမှကို မရတော့ တာ။ ပြောင်းဖူးကော၊ စပါးကော၊ မြေပဲကော အရမ်းရှုံးလွန်းလို့ တွက်တောင်မကြည့်ရဲဘူး။ ဒီနှစ်အတွက် စားဝတ်နေရေးက အခက်ခဲတွေ ရှိလာမှာသေချာတယ်။ လူတိုင်းတောင်ယာတိုင်း ပျက်စီးကုန်တယ်လေ။ မိုးမမှန်လို့ ”ဟု ဒေါဆိုရှေး ကျေးရွာရှိ တောင်သူတစ်ဦးဖြစ်သည့် ဦး ပါစကွားလယ် က ပြောသည်။
ယခုလို မိုးနည်း၍ သီးနှံထွက်နှုန်း လျော့ကျ ဆုံးရှုံးခြင်းသည် အုပ်စုအတွင်း မိသားစုတိုင်း၏် စားဝတ်နေရေး အခက်ခဲ၊ ကလေးများအတွက် ပညာသင်စရိတ် အခက်ခဲ များ ကြံုလာနိုင်ကြောင်း ဒေါဆိုရှေး ကျေးရွာဥက္ကဌ ကပြောသည်။
“ကျနော်ကိုယ်တိုင် တောင်ယာနဲ့ပဲ အသက်မွေးတာ။ ကလေးကျောင်းထားတာ။ အခုတောင်ယာက လုံးဝကို ပျက်စီးသွားပြီ ရင်းထားရတာတွေကလည်း မနည်းဘူး။ သိန်းကဏန်းရှိတယ်။ ခုသောင်းဂဏန်း လောက်တောင် မနည်း ပြန်ရဖို့ မျှောလင့်နေရတဲ့ ဘဝဖြစ်နေပြီ ။”ဟုပြောသည်။
ဒေသခံများအဆိုအရ ခြောက်မိုင်စံပြကျေးရွာ အုပ်စုအတွင် လယ်ယာမြေ ဧကပေါင်း ၆၀၀၀ ခန့်ရှိပြီး ငါးမိုင် ၊ခြောက်မိုင်ကယောပိုင်း ၊ခြောက်မိုင် ကငံပိုင်း ၊ခြောက်မိုင် ကယန်းပိုင်း၊ ဘက်သလင် ၊ဟိုဖိန့် ၊ဒေါးပိုးစီ ၊ဇီးဖြူကုန်း ၊ဒေါးဆိုရှေး ၊ဟိုဝမ် ကျေးရွားများ မှ တောင်သူများ လုပ်ကိုင်ကြကြောင်းသိရသည်။
“တချို့ဆို မိုင်းရှူးတို့၊ ဖားကန့်တို့ ၊မော်ချီးတို့ကို သွားကုန်ကြပြီ တောင်ယာမကောင်းတော့ စားဝတ်နေရေး အတွက် ဒီအလုပ်တွေ ရှိတဲ့နေရာကို သွားကြရတာပေါ့ မသွားရင် ငက်သွားမယ်လေ တစ်နှစ်တစ်နှစ် ကို အဲ့လိုပဲ ရှာရတာ ”ဟု ဒေါဆိုရှေး ရွာသား တစ်ဦးကပြောသည်။