အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ် လုံခြံုရေးအတွက် အမေရိကန် စစ်သင်္ဘော တစ်စင်း ရခိုင် ကမ်းရိုးတန်းတွင် ရောက်ရှိနေသည်ဟူသော သတင်းများထွက်ပေါ်နေခြင်းကို သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က နေရာအတည်ပြုချက် မပေးနိုင်ဟု မဇ္စျိမကို ပြောသည်။
"လုံခြံုရေးဖြစ်လို့ နေရာကို အတည်မပြုပေးနိုင်သလို၊ အမေရိကန်နဲ့လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်နေ ပါတယ်" "ဟု ၀န်ကြီး ဦးရဲထွဋ် က ပြောသည်။
တပ်မတော်(ရေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် တင်အောင်ဆန်းက "အိုဘားမာလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကမ်းရိုးတန်း လုံခြံုရေးကို အမြဲတမ်းလုပ်နေတာပါ။ အမေရိကန် စစ်သဘောင်္ လာမယ်မလာဘူးဆိုတာကို ကျွန်တော်မဟုတ်တဲ့ တစ်ခြားသူဆီကို မေးကြည့်ပါ"ဟု ပြောသည်။
အာဆီယံ - အမေရိကန် ဆွေးနွေးပွဲတက်ရောက်ရန် နေပြည်တော်သို့ နိုဝင်ဘာ ၁၂ရက် တွင် ရောက်ရှိမည်ဖြစ် ပြီး နိုဝင်ဘာ ၁၄ ရက် ရန်ကုန်မြို့တွင်း တွေ့ဆုံပွဲများဖြင့် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်သည်။
အဆိုပါ ကာလအတွင်း ရခိုင်ကမ်းရိုးတန်းတွင် အမေရိကန်စစ်သင်္ဘောတစ်စီး ရောက်ရှိနေသည်ဟု တပ်မတော်(ရေ)နှင့် နီးစပ်သော အသိုင်းအဝိုင်းအချို့က ပြောသော်လည်း တာဝန်ရှိသူတို့ကမူ အတည်ပြုခြင်းမရှိပေ။
သမ္မတအိုဘားမား နေပြည်တော်တွင် အာဆီယံ ထိပ်သီးအစည်းအဝေး လာတက်မည်ဖြစ်၍ နေပြည်တော်နှင့် အနီးဆုံး ဆိပ်ကမ်းဖြစ်သည့် ရခိုင်ကမ်းရိုးတန်းတွင် အမေရိကန်ရေတပ် Seventh Fleet ၏ Amphibious Forces မှ Tarawa-Class Amphibious Assault Ship ဖြစ်သည့် စစ်ရေယာဉ် USS Peleliu (LHA-5)သည် နိုဝင်ဘာ ၁၁ရက်တွင် ရောက်ရှိလာမည်ဟု Myanmar Navy၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အိုဘားမား အပါအဝင် ကမ္ဘာ့ထိပ်သီး ခေါင်းဆောင် အများအပြားလာရောက်ရန်ရှိသည့် နေပြည်တော် အစည်းအဝေးလုံခြံုရေးကို ရဲတပ်ဖွဲ့၊ တပ်မတော်တို့က အနီရောင် အဆင့် သတ်မှတ်ဆောင်ရွက်နေသည်။
အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်စွာ ရိုဟင်ဂျာသွေး စည်းညီညွတ်ရေးအဖွဲ့ (အာရ်အက်စ်အို) ဖောက်ခွဲရေးသမားများ ပြည်တွင်းသို့ ရောက်နေသည် ဟူသော သတင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဓာတ်ပုံနှင့် တကွ ပြည်သူများကို အသိပေးထားသည်။