ရန်ကုန်စည်ပင် ရွေးကောက်ပွဲအတွက် ကျပ် သိန်းငါးထောင်ဝန်းကျင် သုံးစွဲမည်

ရန်ကုန်စည်ပင် ရွေးကောက်ပွဲအတွက် ကျပ် သိန်းငါးထောင်ဝန်းကျင် သုံးစွဲမည်
by -
မဇ္စျိမ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကျင်းပရန် အသုံးစရိတ်အဖြစ် ကျပ်သိန်းငါးထောင်ဝန်းကျင် အသုံးပြုသွားမည်ဟု ရန်ကုန်စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဇ္စျိမကိုပြောသည်။

အဆိုပါ ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်းငါးထောင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်မှ အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့အတွင်း သိမ်းဆည်းမြေပြန်ရရေး တောင်းဆိုနေသည့် သပိတ်စခန်းတစ်ခုကို ဖျက်သိမ်းနေသည့် ကော်မတီဝင်တစ်ဦးကို မတ်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

“ခန့်မှန်းခြေ  အသုံးစရိတ်အဖြစ် ခွင့်ပြုပေးထားတာပါ” ဟု ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ထို့ပြင် စည်ပင်ရွေးကောက်ပွဲ မဲပေးသည့် ပုံစံကို လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုသည့် အမှတ်ခြစ် မဲပေးရသည့် စနစ်အတိုင်း အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးရာတွင် ရပ်မိရပ်ဖ၊ တတ်သိပညာရှင်၊ လူမှုရေးစသည့် ကိုယ်စားလှယ် ၃ မျိုးအတွက် မဲပုံးအရောင်သုံးမျိုး ထားရှိသွားမည်ဟုဆိုသည်။

အဆိုပါ မဲပေးရွေးချယ်ရမည့် ပုံစံကို ပြည်သူလူထုသိရှိစေရန် ရွေးကောက်ပွဲမကျင်းပမှီတွင် အသိပညာပေးသွားမည်ဟု ၎င်းကဆိုသည်။

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်တွင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူများ ကို ရွှေ့ပြောင်းခန့်အပ်သည့် စနစ်ကို နှစ်ပေါင်း ၆၀ ကျော် ကျင့်သုံးခဲ့ရာမှ ပြည်သူလူထုမှ မဲပေးရွေးချယ်ရမည့် စနစ်ကို အစိုးရမှ ယခုနှစ်မှ စတင်ကျင်သုံးရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ နှစ်ပေါင်း ၆၀ ကျော်မှ ပြည်သူလူထုမဲပေးရွေးချယ်ရမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကိုယ်စားလှယ် ၂၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ခံမည့် ကိုယ်စားလှယ်စာရင်းနှင့် မဲပေးခွင့်ရှိသူစာရင်းများကို သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် ကြေညာပေးထားမည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၄သိန်းကျော်ရှိကြောင်း ကေ်ာမရှင်မှ ထုတ်ပြန်ထားသည်။