မြန်မာ့ ငြိမ်းချမ်းရေး ကိစ္စ အမေရိကန် သမ္မတကို SNLD ဥက္ကဌ ပြောပြမည်

မြန်မာ့ ငြိမ်းချမ်းရေး ကိစ္စ အမေရိကန် သမ္မတကို SNLD ဥက္ကဌ ပြောပြမည်
by -
သျှမ်းသံတော်ဆင့်

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး အတွက် မြန်မာ အစိုးရအား ဖိအား ပေးရန် ပြောဆို တိုက်တွန်း သွားမည်ဟု SNLD ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။

“တိုင်းရင်းသားတွေ အဓိကလိုအပ်ချက် ငြိမ်းချမ်းရေးပဲ။ ခုအထိတော့ ငြိမ်းချမ်းရေး ဘာမှမလုပ်ရသေးဘူး။ ၆၇ နှစ်ရှိပြီလေ တိုက်နေကြတာ။ ငြိမ်းမှမငြိမ်းချမ်းသေးဘဲ” ဟု ခွန်ထွန်းဦး ကဆိုသည်။

001-obama-press-release

ပြီးခဲ့သည့် ရက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးအတွင်းဝန်အဖွဲ့က SNLD ပါတီနှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေး နှင့်အပစ်ခတ်ရပ်စဲရေးကို မြန်မာအစိုးရအားဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း (SNLD) အထွေထွေအတွင်းရေး မှူး စိုင်းညွန့်လွင် ကပြောသည်။

ထို့အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ဥက္ကဌဖြစ်သော ဦးစိုင်းအိုက်ပေါင်းက “အစိုးရကိုတော့ ဖိအားပေးမယ်ထင်တယ်။ ငြိမ်းချမ်းရေးမရှိရင် နိုင်ငံက မတည်ငြိမ်ဘူးလေ။ ဖွ့ံဖြိုးတိုးတက်ဖို့လည်း မဖြစ်နိုင်ဘူး လေ” ဟုဆို သည်။

သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ငြိမ်းချမ်းရေးအတွက် တွန်းအား ပေးရန် မျှော်လင့်ထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုးတက်မှုမရှိဘဲ တန့်နေသည်ဟုမြင်မိကြောင်း မန်တုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မိုင်းအုဏ်းခိုင်ကလည်း ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးညီလာခံ တက် ရောက်ရန် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့ ရောက်ရှိမည်ဟု သိရပါသည်။ ယခုခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး 2012 နိုဝင်ဘာလ ပထမ အကြိမ် မြန်မာနိုင်ငံတို့ရောက်ရှိစဉ် SNLD ဥက္ကဌ ခွန်ထွန်းဦးက လည်း ခေတ္တတွေ့ဆုံခွင့်ရရှိခဲ့သည်။