သျှမ်း အထင်ကရ ဆရာတော် စဝ်တာဆိုင် ပျံလွန် တော်မူ

သျှမ်း အထင်ကရ ဆရာတော် စဝ်တာဆိုင် ပျံလွန် တော်မူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် လူထုနှင့် ထိုင်းနယ်စပ် တလျှောက် နေလူထုကြား  နာမည်ကြီး ထင်ရှားသော စဝ်ဆရာ တာဆိုင် သက်တော် ရ၃ နှစ်သည် နှလုံး ရောဂါဖြင့် ဘဝနတ် ထံပျံ လွန်တော် မူသွားပြီ ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်ခရိုင် ပန်မဖာ့မြို့နယ်ခွဲ နားပူပွမ့်အုပ်စု ဆာလေး ကျောင်းတိုက် တွင်  နိုဝင်ဘာလ ၁၀ ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က ပျံလွန်တော်မူသည်။

sao ta hseng pic-1

“ဒကာတွေက ဆရာတော်ကိုခေါ်ဖို့သွားကြည့်တော့ ဆရာတော်က ပျံလွန်တော်မူနှင့်ပြီ လို့ပြောတယ်။ ချင်းမိုင်မြို့ ဝပ်ထကရဒတ်ကျောင်းတိုက် ဆရာတော်က စဝ်ဆရာတာဆိုင် အတွက် သစ်ခေါင်းတော် လှူမယ်လို့ပြောတယ်။ ဆရာတော်ကို ဘယ်တော့ သဂြိုဟ်မလဲဆိုတဲ့အကြောင်းကိုတော့ ဆရာတော်ရဲ့ တပည့် ဒကာတွေက ဒီနေ့ဆွေးနွေးကြတယ် ။ မသိရသေးဘူး” ဟု ဆာလဲကျောင်းတိုက် ဘုရားဒယိကာ ဆရာစိုင်းစိုင်းကပြောသည်။

ဆရာတော်သည် နှလုံးရောဂါကြောင့် အောက်တိုဘာလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင်ရမ်း ဆေးရုံ ကြီးတွင်ဆေးကုသမှုခံယူကာ သက်သာပြီး မယ့်ဟောင့်ဆောင်သို့ ပြန်သွားပြီးဖြစ်ကြောင်း၊ ပျံလွန်တော် မူချိန်အထိ အနိစ္စတရားတော်များကို ဟောကြားခဲ့ကြောင်း မယ့်ဟောင့်ဆောင်နေ ဆရာတော်၏ ဒကာ တစ်ဦးကပြောသည်။

ဆရာတော်ကို သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်  မိုင်းဇန်မြို့နယ်ခွဲ၌ ၁၉၃၉ တွင်ဖွားမြင်တော်မူသည်။ ဆရာတော်၏ မိဘများမှာ ဆရာတော် အသက် ၅ နှစ်တွင် မိဘနှစ်ပါးလုံး ကွယ်လွန်သွားခဲ့သည်။  သက်တော် ၈ နှစ် ကတည်းက  သင်္ကန်းဝတ် ခဲ့သော ငယ်ဖြူဖြစ်သည်။

ငယ်စဉ်ကတည်းက မျက်စိနာရောဂါဖြစ်ပြီး မျက်လုံးနှစ်ဖက်စလုံးကွယ်သွားခဲ့သည်။

ဆရာတော်သည် ၁၉၇၅ ခုနှစ်ကသျှမ်းပြည်အရှေ့ပိုင်း မိုင်းပူးအွန်ဘက်သို့ အခြေချ နေထိုင်ကာ သျှမ်းပြည်အရှေ့ပိုင်း တောင်ပိုင်းသို့ နယ်လှည့်တရားဟောခဲ့သည်။ ထိုနောက်ပိုင်း ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သျှမ်း- ထိုင်း နယ်စပ်တလျှောက် နေထိုင်သော သျှမ်းများအား တရားတော်များ ဟောကြားခဲ့သည်။

ငါးပါးသီလအခြေတည်သော တရားတော်များကိုဇာတ်လမ်းသဖွယ် ဟောပြောသဖြင့် သျှမ်းပြည်သား လူကြီးလူငယ် အရွယ်သုံးပါး အများစုကနှစ်ခြိုက်ကြသည်။