ရခိုင်မှ ဒုက္ခသည် အချို့ အိုဘားမားကို အိတ်ဖွင့်ပေးစားပေးမည်

ရခိုင်မှ ဒုက္ခသည် အချို့ အိုဘားမားကို အိတ်ဖွင့်ပေးစားပေးမည်
by -
မဇ္စျိမ

မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိကန် သမ္မတ အိုဘားမားကို ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂလီ ဒုက္ခသည် အချို့က အိတ်ဖွင့်ပေးစာ ပေးသွားမည်ဟု မောင်တော ဒုက္ခသည်စခန်းမှ ခေါင်းဆောင် ဦးကျော်ဝင်းက မဇ္စျိမကိုပြောသည်။

အဆိုပါ အိတ်ဖွင့် ပေးစာတွင် ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများမှ နေရပ်ပြန်နိုင်ရေး၊ လွတ်လပ်စွာ သွားလာနိုင်ရေး ကိစ္စများကို ကန့်သတ်ထားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်ဟု ဦးကျော်ဝင်းက ဆိုသည်။

ဦးကျော်ဝင်းက “ဒုက္ခသည် စခန်းက ကျောင်းသားတွေ ပညာရေး ကန့်သတ်ထားတွေ၊ လူ့အခွင့်ရေးချိုးဖောက် မှုတွေကို တင်ပြမှာဖြစ်ပါတယ်။ ဘယ်လိုရောက်အောင်ပေးမယ် ဆိုတာကိုတော့ တိုင်ပင်နေတုန်း” ဟု ပြောသည်။

ထို အိတ်ဖွင့်ပေးစာသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ဒုက္ခသည် အားလုံးကို ကိုယ်စားပြုခြင်းမရှိ သကဲ့သို့ စစ်တွေ မြို့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်များက  အိတ်ဖွင့်ပေးစာပေးရန် စီစဉ်ထားခြင်းမရှိဟု စစ်တွေမြို့နယ် ဒုက္ခသည်စခန်း ခေါင်းဆောင် ဦးအောင်ဝင်း ဆိုသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သိန်းခွဲကျော်ရှိရာမှာ ၂၀၁၄ ခုနှစ်တွင် တစ်သိန်း ရှစ်သောင်းခန့် တိုးများလာပြီး နီးစပ်ရာကျေးရွာများ အချို့ကလည်း ပြောင်းရွှေ့နေထိုင်လာကြသည် ဟုဆိုသည်။

အမေရိကန် သမ္မတ အိုဘားမားက၏ ခရီးစဉ်တွင် ရခိုင်ပြည်သို့ သွားမည့် အစီအစဉ် ထည့်သွင်းထားခြင်း မရှိပေ။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “နိုင်ငံတကာက လာလေ့လာမယ်ဆိုရင် ကြိုဆိုပါတယ်၊ ဒါပေမယ့် မြေပြင်အခြေအနေကို တိတိကျကျ မြင့်တွေ့ပြီးမှ သုံးသပ်တာ ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နှစ်ဖက် အဖွဲ့အစည်းမှ လူဦးရေ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ တို့တွင် ဒုက္ခသည် တန်းလျားများ တည်ဆောက်ထားပြီး ဒုက္ခသည် စခန်း ၃၄ ခု ရှိသည်။

Most read this week