အမြန်လမ်းတွင် ဘုရားဖူးကားမှောက် ၁၂ ဦးဒဏ်ရာရ

အမြန်လမ်းတွင် ဘုရားဖူးကားမှောက် ၁၂ ဦးဒဏ်ရာရ
by -
မဇ္စျိမ

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၂၄ မိုင် အနီးတွင် စိန်အိုးစည် ခရီးသည်ပို့ဆောင်ရေး ဘုရားဖူးယာဉ် တိမ်းမှောက်မှု  ဖြစ်ပွားရာ ၁၂ဦး ဒဏ် ရာရရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ရက် နံနက် ၄နာရီ ဝန်းကျင်တွင် ၁၂၃မိုင် နှင့် ၁၂၄မိုင် ကြားတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မ ထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကို တိုက်မိပြီး တိမ်မှောက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး အမြန်လမ်း အရေးပေါ်ကြက် ခြေနီစခန်းမှ ရှေ့ဦးသူနာပြုစု သူ ဒေါ်နော်ဖော်ခူက “တောင်ကြီးကနေ ရန်ကုန်ပြန်တာ။ ယာဉ်မောင်းက ကိုမြင့်ခိုင်။ ပျော်ဖွယ်ရောက်တော့ Owner (ပိုင်ရှင်) ကိုရဲလင်းသူက ပြောင်းပြီးမောင်းလိုက်တာ ၁၂၄မိုင်ရောက်တော့အိပ်ငိုက်ပြီးဒီလို ဖြစ်သွား တာ။ Owner ကိုယ်တိုင်ပြောတာပါ”ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၂ဦးကို ဖြူးဆေးရုံတွင် အတွင်းလူနာအဖြစ် ပို့ဆောင်ထားပြီး နှစ်ဦးကို ရန်ကုန်သို့သယ်ဆောင်သွားသည်ဟု ဒေါ်နော်ဖော် ခူ ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုရဲလင်းသူကို ယာဉ်ပ -၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ဖြင့် အရေးယူထားသည်ဟု အမြန်လမ်းရဲ တပ်ဖွဲ့ က ပြောသည်။