စစ်တပ်စွန့်လွှတ်မြေ အကွက်ရိုက် မဲနှိုက်မှု ကျေးရွာ အုပ်ချုပ်ရေးမှူးတားမြစ်

စစ်တပ်စွန့်လွှတ်မြေ အကွက်ရိုက် မဲနှိုက်မှု ကျေးရွာ အုပ်ချုပ်ရေးမှူးတားမြစ်
by -
မဇ္စျိမ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ချီကယ်ကျေးရွာအုပ်စု၊ လွယ်တမူကုန်းကျေး ရွာရှိ လယ်ယာမြေဧက ၁,၀၀၀ ကျော် ကို ခလရ ၂၁၆ နှင့် ခလရ ၂၅၀ တို့က ၁၉၉၀ ပြည့်နှစ်တွင် သိမ်းယူခဲ့ရာမှ ဒေသခံများကို ပေ ၁,၀၀၀ ကျော် ပတ်လည်ကို ပြန်လည် စွန့်လွှတ်ပေးရာ ထိုစွန့်လွှတ်မြေများပေါ်တွင် ဒေသခံမူလပိုင်ရှင်များက မြေယာ ပြန်လည်ချထားရေး ကော်မတီဖွဲ့၍ အကွက်များ ရိုက်ပြီး နေအိမ်များ တည်ဆောက်နေမှုကို ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက ဆက်လက်မပြုလုပ်ရန် တားမြစ်နေသောကြောင့် ဒေသခံများ အခက်အခဲတွေ့နေသည်ဟု မြေယာပြန်လည်ချထားရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ယုက မဇ္ဈိမကို ပြောသည်။

အဆိုပါတားမြစ်စာကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၃၀ ရက်တွင် ဒေသခံများထံ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ အဆိုပါအကြောင်း ကြားစာတွင် တပ်ရင်းတပ်ဖွဲ့က ပြန်လည်အပ်နှံ သည့် မြေများပေါ်တွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ အကွက်ရိုက်ခြင်း၊ ၀န်းခြံကာရံခြင်းများ မပြုလုပ်ရန်နှင့် ဆက်လက်ပြုလုပ်နေပါက လုပ်ထုံးလုပ်နည်း အပိုဒ်-၆ နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေပုဒ်မ ၂၂ (က) အရ ဥပဒေနှင့်အညီ အရေးယူ သွားမည်ဟုပါရှိသည်။

စစ်တပ်က ပေတိုင်းဖြင့် ပြန်လည်ပေးအပ်ထားသည့် မြေပေါ်တွင် ဆောက်ထားသည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

“ကျွန်တော်တို့ကို ပြန်ပေးတယ်ဆိုတာ ဧကနဲ့ပြန်ပေးတာ မဟုတ်ဘူး။ ပေနဲ့တိုင်းပြီး ပြန်ပေးတာပါ။ အဲဒီ ပေးတဲ့မြေကို အကွက်ပေါင်း ၂၆၀ ရိုက်ပြီး မဲနှိုက်ပေးတာပါ။ တချို့အိမ်ဆောက်ပြီး နေကြပြီ။ အားလုံး အဆင်ပြေပါတယ်။ ဒီလို အကွက်ရိုက်ပေးတာကို ပြည်နယ်အစိုးရကို တင်ပြပြီးလုပ်တာပါ” ဟု တာဝန်ရှိ သူတစ်ဦးက ပြော ကြားသည်။

ပြန်လည်ရရှိသော မြေများကို မူလပိုင်ရှင်များနှင့် ကျေးရွာမှ မြေယာမဲ့များ အကွက်များရိုက်၍ မဲစနစ်ဖြင့် ချထားပေးခြင်းဖြစ်ပြီး ကော်မတီ ကိုလည်း ကျေးရွာသူကျေးရွာသားများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာမှ ကြည်ညို လေးစားသူများဖြင့် ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါတားဆီးမှုကို လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ မေးမြန်းရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကိုသာ မေးမြန်း ရန် ပြန်လည်ဖြေကြားခဲ့၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးကြည်ကို မေးမြန်းရာ နား လည်မှုလွဲနေခြင်းသာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါအကွက်များကို မဲနှိုက်၍ ကျေးရွာဖွံ့ဖြိုးရေးအတွက် တစ်ကွက်လျှင် သုံးသောင်းကျပ် ကောက်ခံခဲ့ပြီး ရရှိလာသော ငွေဖြင့်ဆေးပေးခန်း၊ စာသင်ကျောင်း၊ သာသနာမြေ အဆောက်အအုံနှင့် ယဉ်ကျေးမှုစာ ကြည့်တိုက်များ တည်ဆောက်ပေးရန် စီစဉ်ထားသည်ဟု ဆိုသည်။

“စွန့်ပြီးသားဗျာ။ မူလပိုင်ရှင်နဲ့ ကျေးရွာစီမံပိုင်ခွင့် ရှိတယ်။ စနစ်တကျ လုပ်နေတယ်။ ဒါကို အားလုံးသိတယ်” ဟု လွိုင်ကော်မြို့နယ် NLD အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးသက်တင်က ပြောသည်။

အဆိုပါမြေယာများတွင် ပြန်လည်တည်ဆောက်ခွင့်ပြုရန် နိုင်ငံတော် သမ္မတနှင့် ပြည်နယ်အစိုးရကို နိုဝင်ဘာ ရ ရက်တွင် အသနားခံစာနှင့် တိုင်ကြားစာပေး လိုက်ပြီဟု ၎င်းက ပြောသည်။