ကရင့်အမျိုးသားညီလာခံ ကျင်းပရန် ကေအင်န်ယူ ဗဟိုကော်မတီ အစည်းအဝေး လုပ်မည်

ကရင့်အမျိုးသားညီလာခံ ကျင်းပရန် ကေအင်န်ယူ ဗဟိုကော်မတီ အစည်းအဝေး လုပ်မည်
by -
မဇ္စျိမ

သုံးလအတွင်း ကရင့်အမျိုးသားညီလာခံ ခေါ်ရန်အတွက် နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး (KIO) က တောင်းဆို ထားသည့်အတိုင်း KNU ၏ ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ တတိယ အပတ်အတွင်း ပြုလုပ်သွားရန်ရှိသည်ဟု KNU ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် စောသမန်ထွန်းက မဇ္စျိမကိုပြောသည်။

ကော်သူလေးတပ်မတော် (KAF) ဖွဲ့စည်းရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU)က ၂၀၁၆တွင် ကျင်းပမည့် ကွန်ဂရက်ရောက်မှ ဆုံးဖြတ်မည့် ကိစ္စ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNFC)ထဲ ပြန်ဝင်ရေးမဝင်ရေးကိစ္စများကို ကေအန်ယူအနေဖြင့် ဆုံးဖြတ်ချက် ချရန် အချိန်ဆွဲနေသည်ဟု ဆိုကာ KIO က ကရင့်အမျိုးသား ညီလာခံကို သုံးလအတွင်း ကျင်းပပေးရန် နိုဝင်ဘာ ရ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုထားခြင်းဖြစ်သည်။

စောသမန်ထွန်းက " ကရင်အမျိုးသားညီလာခံက သုံးလအတွင်း ကျင်းပနိုင်မှာပါ။ နေရာထိုင်ခင်းအတွက် ရန်ပုံငွေက လိုသေးတယ်လေ။ ညီလာခံကို ကရင်လူထုကိုယ်စားပြုတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဖိတ်မှာပါ"ဟုပြောသည်။

ကရင့်အမျိုးသားညီလာခံ ကျင်းပနိုင်ရန် ဗဟိုကော်မတီအစည်းဝေးကို လှိုင်းဘွဲ့အရှေ့ဘက်ရှိ လောခီးလာ တွင် ပြုလုပ်မည်ဖြစ်ပြီး ညီလာခံ ကျင်းပနိုင်ရေးအပြင် KAF တပ်မတော်ဖွဲ့စည်းနိုင်ရေးကိုလည်း ဆွေးနွေး မည်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဗဟိုကော်မတီဝင် များသာ သီးသန့်ဆွေးနွေးမည်ဖြစ်သည်။

KAF တပ်မတော် ဖွဲ့စည်းရေးကို KNU အနေဖြင့် မူအားဖြင့် သဘောတူထားပြီးဖြစ်ရာ အတည်ပြုဖွဲ့စည်းနိုင်ရန်မှာ တပ်မတော်တွင် ပါဝင်မည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်ငြိမ်းချမ်းရေး အဖွဲ့စည်းများကို စနစ်တကျ စိစစ်ရန် လိုအပ်၍  နှောင့်နှေးနေခြင်းဖြစ်သည် ဟုလည်း စောသမန်ထွန်းက ဆိုသည်။

ယင်းအပြင် နိုဝင်ဘာ ၁၁ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ KNLA  တပ်မတော်ရှေ့လုပ်ငန်းစဉ် မဟာဗြူဟာ အစည်းအဝေက ပေးပို့လာမည့် ထုတ်ပြန်ချက်ကို လေ့လာမည်ဖြစ်ပြီး အဆိုပါ သဘောထား ထုတ်ပြန်ချက်ပေါ်မူတည်၍ KAF တပ်မတော်ဖွဲ့စည်းရေးကို KNU ညီလာခံတွင် ထပ်မံဆွေးနွေးနိုင်မည် ဟုလည်း ၎င်းက ဆိုသည်။

ကေအန်ယူက ကော်သူလေးတပ်မတော် (KAF) ဖွဲ့စည်းရေးကို မူအရ သဘောတူသော်လည်း ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် ကေအန်ယူ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်တွင် ထည့်သွင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ရန် အောက်တို ဘာ နောက်ဆုံးပတ်က ၆ ရက်ကြာ ပြုလုပ်သည့် ကေအန်ယူ၏ ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

ယင်းအပြင် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ရန် ရည်ရွယ်ထားသည့် UNFC အဖွဲ့မှ ကေအန်ယူ နုတ်ထွက်၊ မထွက်ကို လည်း တိကျစွာ မဆုံးဖြတ်နိုင်ဘဲ ယခင်အတိုင်း ယာယီနုတ်ထွက် ထားမည်ဟုသာ ဆက်လက်ဆုံးဖြတ်ခဲ့သည်။ ယင်းအချက်များကို IKO က ဆုံးဖြတ်ချက် နှေးနေသည်ဟု ဆိုကာ ဝေဖန်လိုက်ခြင်း ဖြစ်သည်။

Most read this week