ပြည်တွင်းရောက် အာရ်အက်စ်အို စာရင်း ပြည်သူသို့ ထုတ်ပြန်ရန်ရှိ

ပြည်တွင်းရောက် အာရ်အက်စ်အို စာရင်း ပြည်သူသို့ ထုတ်ပြန်ရန်ရှိ
by -
မဇ္စျိမ

ပြည်နယ်နှင့် တိုင်းများအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် ဝင်ရောက်နေသည့် ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (အာရ်အက်စ်အို)များကို အတည်ပြုပြီးလျှင် ပြီးချင်း ပြည်သူသို့ အသိပေး ထုတ်ပြန်မည်ဟု နိုင်ငံဖြတ်ကျော်မှုခင်းဌာန ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင်က နိုဝင်ဘာ ၉ရက်တွင် မဇ္စျိမကိုပြောသည်။

"အခုအချိန်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အချိန်ဖြစ်နေတာရယ် ပြည်သူတွေကို အသိပေးဖို့အချိန် ကျတဲ့ အခါ ထုတ်ပြန်ပေးမယ် ခုလတ်တစ်လောက မော်လမြိုင်အပြင် တစ်ခြားနေရာတွေက အတည်မပြု နိုင်သေးပါဘူး"ဟု ၎င်းကဆိုသည်။

တိုင်းနှင့် ပြည်နယ်အနှံ့များတွင် ဖောက်ခွဲရေးသမားများ ရောက်ရှိနေမှုရှိမရှိကို ရဲတပ်ဖွဲ့က စိစစ်နေသည့် အချိန်ဖြစ်သည့် အတွက် ဦးရေအတိအကျနှင့် အသေးစိတ် အချက်အလက်များ မထုတ်ပြန်သေးခြင်းဖြစ် သည်ဟု ရဲမှူးချုပ်က ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်း ရောက်ရှိနေသည့် အာရ်အက်အို သင်တန်းဆင်းများ ဖမ်းဆီးနိုင်ရေး မွန်ပြည်နယ်ရဲတပ်ဖွဲ့က သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့အသီးသီးကို ၎င်းတို့ပုံနှင့်တကွ ညွှန်ကြားထားသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံးကဆိုသည်။

မော်လမြိုင်တွင် ခိုလှုံနေသည်ဟု ယူဆထားသူများမှာ သန်းဝင်း (အဖွဲ့ခေါင်းဆောင် ပြည်တွင်းလှုပ်ရှားရေး တာဝန်ခံ)၊ အိုစမာ (ခ) ဒါပတ် (အဖွဲ့ဝင် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ)၊ အာဇတ်(ခ) အမင်း (အဖွဲ့ဝင် အစ္စလာမ်မစ် စစ်သွေးကြွ တိုက်ခိုက်ရေး သင်တန်းဆင်း၊ အီစမိုင်(ခ)ဇော်ဝင်း (အဖွဲ့ဝင် အစ္စလာမ်စစ်သွေးကြွ တိုက်ခိုက်ရေးသမား) တို့ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံမဲဆောက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသဖြင့် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ သထုံ၊ မော်လမြိုင် ဆက်သွယ်ထားသည့် မြို့နယ်များတစ်လျှောက် ၎င်းတို့ ပုံတူနှင့်တကွ လူစည်းကားရာ အရပ်များတွင် ပြည်သူများသို့ အသိပေးထားသည်။

အာရ်အက်အို ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံတွင် ၀င်ရောက်လာချိန်သည် နိုဝင်ဘာ ၁၂ရက် နှင့် ၁၃ရက်တွင် နေပြည်တော်တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်း အဝေးအချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတအိုဘားမား အပါအဝင် နိုင်ငံတကာမှ ထိပ်သီးခေါင်းဆောင် ၂၀ဦးတို့တက်ရောက်မည်ဖြစ်သည်။

Most read this week