မော်လမြိုင်တက္ကသိုလ် အပြင်တဝိုက်ရှိ တက္ကသိုလ်ကျောင်းသား အဆောင်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရယကမှ ကျောင်းသားများ ညအပြင်ထွက်ခွင့်ကို ကန့်သတ်ခဲ့သည်ဟု အဆောင်ပိုင်ရှင်များမှ သိရှိရသည်။
မိန်းကလေးအဆောင်ဆိုလျှင် ည ၈ နာရီထိသာ အပြင်ထွက်ခွင့်ရှိပြီး၊ ယောကျာ်းလေးအဆောင်သည် ည ၉ နာရီထိသာ အပြင်ထွက်ခွင့်ရှိသည်ဟု အဆောင်ပိုင်ရှင်များက ပြောသည်။
“အဓိကသူတို့ရဲ့ ရည်ရွယ်ချက်ကို မသိဘူး၊ သူတို့က (ရယက) ကလေးတွေရဲ့လုံခြုံရေးအတွက် ကလေးတွေကို ညပိုင်းအပြင်မပေး ထွက်ဖို့လောက်ပဲ ပြောတယ်၊ တစ်ခြားဘာမှတော့ မပြောပါဘူး လောက်ပါပဲ” ဟု အဆောင်မှူးတစ်ဦးက ပြောသည်။
ယခင်ကဆိုလျှင် အဆောင်စည်းကမ်းအရ မိန်းကလေးများကို ၈ နာရီအထိ ညအပြင်ထွက်ခွင့် စည်းကမ်းချမှတ်ထားသော်လည်းပဲ ယောကျာ်းလေးများမှာ ကန့်သတ်ချက်မရှိဟု ၄င်းက ဆက်ပြောသည်။
“ကျနော်တို့လုံခြံုရေးအတွက်လို့ သူတို့ (ရယက) ပြောတယ်၊ ကျောင်းသားတွေ စုစုရုံးရုံးနေရင် တစ်ခုခုလုပ်မယ်ဆိုးလို့ သူတို့ကန့်သတ်တာဖြစ်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟိုတလောက စားမေးပွဲဖြေခါနီးမှာ မီးမလာလို့ ကျောင်းသားတွေ ဆန္ဒပြတယ်၊ အခုလဲ မီးက ပုံမှန်မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ကျောင်းသားတွေ ဆန္ဒပြမှာစိုးလို့ အုပ်စုဖွဲ့ပြီး စုစုဝေးဝေး ပေးမနေချင်တာလဲ ဖြစ်မယ်” ဟု ကျောင်းသားတစ်ဦးက ပြောသည်။
လွန်ခဲ့သော မတ်လ ၆ ရက်နေ့တွင် စားမေးပွဲဖြေခါနီးတွင် မီးမလာသောကြောင့် ကျောင်းသား များဆန္ဒပြပြီး မတ်လ ၈ ရက်နေ့တွင် မယကမှ အဆောင်းမှူးများကို ညပိုင်းအရေးပေါ် အစည်းအဝေး ခေါ်ခဲ့ပြီး အဆောင်တိုင်းကို မီးစက်ဝယ်ရန် လက်မှတ်ထိုးခိုင်းခဲ့သည်။
အဆောင်မှူးအနေဖြင့် မယကမှ ညွန်ကြားသည့်အတိုင်း ကျောင်းသားများကို စည်းကမ်းသတ်မှတ်ပေးရသော်လည်း ကျောင်းသားများ လက်ခံ လက်မခံသည်ကိုမူ မသိဘူးဟု အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ညအပြင်ထွက်ခွင့်အချိန် ကန့်သတ်ချက်နှင့် ပတ်သက်၍ လွန်ခဲ့သော မေလ ၂၈ ရက်နေ့တွင် ရယကမှ အဆောင်ပိုင်ရှင်များကို ရုံးတွင် အစည်းအဝေးခေါ်ပြီး ညွန်ကြားခဲ့သည်။