သီပေါမြို့နယ်တွင် ရွာသား လေးဦးအား SSA ဆက်သွယ်မှုဖြင့် ဖမ်းဆီး ရိုက်နှက်

သီပေါမြို့နယ်တွင် ရွာသား လေးဦးအား SSA ဆက်သွယ်မှုဖြင့် ဖမ်းဆီး ရိုက်နှက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တာတေ ကျေးရွာ အုပ်စု သား လေးဦးအား SSA အမာခံလူဟု စွပ်စွဲကာ ခမရ ၅၀၄ က ဖမ်းဆီး၍  သီပေါ ရဲအချုပ်ခန်းသို့ နိုဝင်ဘာ ၆ ရက်က ပို့ဆောင်ချုပ်နှောင် ထားသည်ဟု မိသားစုဝင် များ ပြောပြချက်အရ သိရသည်။

နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၀၉:၁၅ နာရီအချိန် တွင် သီပေါမြို့ မြောက်ဘက် တာတေကျေးရွာအုပ်စု ဝမ့်မိုင်ဇန့်လိတ်ကျေးရွာနေ စိုင်းကုလား၊ စိုင်းကျော်အေး၊ စိုင်းဟွမ် နှင့် စိုင်းမောဝ်း တို့လေးဦး မြို့ဈေးအသွား သီပေါမြို့အဝင် ခြေမြန်တပ်ရင်းအမှတ် ၅၀၄ က ၎င်းတို့အား သျှမ်းသူပုန် SSA ၏ အမာခံလူဟုဆိုကာ ဖမ်းရိုကနှက်ချုပ်နှောင်ကာ သီပေါရဲစခန်းသို့ နိုဝင်ဘာ  ၆ ရက် ညနေ ၄:၃၀ နာရီ အချိန်တွင် ပို့ဆောင်ထားသည်ဟုဆိုသည်။

Hsipaw

“သူတို့လေးဦးလုံးက ကားနဲ့ တာတေကနေ သီပေါ လာတာ။ လိုအပ်တဲ့ကားစက်ပိုင်း ပစ္စည်းဝယ်ဖို့ဆိုပဲ။ အဲဒါ ခမရ ၅၀၄ က တားပြီးသူတို့ကိုစစ်တယ်။ သျှမ်းသူပုန်လို့ပြောပြီး ကြိုးနဲ့တုတ် ရိုက်နှက်တော့တာ ဘဲ၊ သူတို့လက်ဝယ်ဖမ်းမိတာတော့ မမြင်မိဘူး” – ဟု အမည်မဖေါ်လိုသည့် တပ်မိသားစု အသိုင်းအဝိုင်း ကပြောသည်။

ရဲမိသားစုအသိုင်းအဝိုင်းက စစ်တပ်မှ ရဲစခန်းသို့ လာရောက်အပ်နှံသည့် တရားခံလေးဦးသည် လိုင်စင်မဲ့ကားမောင်းနှင်မှု၊ မတရားအသင်းဆက်သွယ်မှု တို့ဖြင့်တိုင်ကြားခံရသည်ဟုဆိုသည်

၎င်းတို့လေးဦးစလုံးသည် သာမာန်ပြည်သူများသာဖြစ်ကြောင်း၊ သို့သော် စိုင်းဟွမ်ဆိုသူက အဆိုပါတပ်မှ စစ်ဗိုလ်တဦးနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာရှိခဲ့ဘူးကြောင်း၊ ၎င်းတို့ ပြန်လည် လွတ်မြောက်နိုင်ရေး အတွက် အထက်ရုံးချုပ်နှင့်တိုင်ပင်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့်အချက်အလက်များ ရှာဖွေစုစောင်းပေးနေကြောင်း ကျားဖြူပါတီ ဝင် (ဦး)စိုင်းညွှန့်ကပြောသည်။

“တလနှစ်လ လောက်ရှိမယ်ထင်တယ်။ စိုင်းဟွမ်က ထော်လဂျီနဲ့ မြို့ထဲသွားတာ။ အဲဒီတပ်ရဲ့ ဗိုလ်တဦးက သူ့မိန်းမနဲ့ ဆိုင်ကယ်စီးလာတယ်။ လမ်းကမကောင်း၊ ဆိုင်ကယ်က ကျော်တက် လို့မရတော့ ထော်လာဂျီသမား စိုင်းဟွမ်ကို လှမ်းဆဲတာ။ စိုင်းဟွမ်က ဒေါသထွက်ပြီး လောက်လေး ဂွနဲ့လှမ်းပစ်တာ။ စစ်ဗိုလ်မှန်းလဲ မသိဘူးလေ။ အဲဒါနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဖမ်းပြီး သူတို့ကို ပြဿနာရှာတာလဲဖြစ်နိုင်တယ်ဟု သူငယ်ချင်းဖြစ်သူတဦးကပြောသည်။

အမှတ် ၅၀၄ ခြေမြန်တပ်ရင်းသည် သီပေါ မြို့အထွက် ၄ မိုင်အကွာတွင်ရှိသည်။ တာတေမှာမူ သီပေါမြို့မြောက်ဘက် ရ မိုင်ခန့်ဝေးသည်။ အဆိုပါတပ်သည် ၂၀၁၃ ဂျွန်လ တုန်းကလည်း တာတေအုပ်စုခံ ၃ ဦးအား MP 4 အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပျောက်ကျားစစ်ဝတ်စုံ ဝတ်ထားသော ၎င်းတို့၏ဓါတ်ပုံများကို စစ်ဆေးရှာဖွေတွေ့ရသဖြင့် ဖမ်းဆီးရိုက်နှက်၍ ၆ လကြာ အကျဉ်းချထားခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တို့သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။

Most read this week