နမ့်ခမ်းမြို့တွင် လောင်းကစား ဝိုင်းများ ပြန်ဖွင့်နေ

နမ့်ခမ်းမြို့တွင် လောင်းကစား ဝိုင်းများ ပြန်ဖွင့်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းမြောက် နမ့်ခမ်းမြို့တွင် ယခုနှစ် အောက်တိုဘာ လဆန်း မှစပြီး လောင်းကစားဝိုင်းများ ပြန်ဖွင့် လျက် ရှိနေ ကြောင်း ဒေသခံများကပြောသည်။

ကုန်းဆာကျေးရွာ ခန်တော် ဘုရားကျောင်းအနီးရှိ ကြက်တိုက်ဝိုင်းမှာ နမ့်ခမ်းစျေးနေ့ (၅ ရက် တစ်ကြိမ်) ရှိပြီး   မိုင်းဝီးလမ်း အောင်မေတ္တာရပ်ကွက် ဝိပုလ စာသင်တိုက် အနီးရှိ ငါးပစ်ဂိမ်း-တီဗီဂိမ်း လောင်းကစား ရုံတို့မှာ နေ့တိုင်းဖွင့်လှစ်ကြောင်း ဒေသခံ စိုင်းခမ်းယီ ကဆိုသည်။

aung mitta game

“ခန်တော်မှာရှိတဲ့ကြက်ဝိုင်းကတော့ စျေးနေ့ ၅ ရက်တစ်ခါ လုပ်တယ်။ လာလောင်းကြသူတွေကတော့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေပါနေတာတွေ့ရတယ်၊ ဝိပုလ စာသင်တိုက် နားက လောင်းကစား ရုံ မှာတော့ ဆယ်ကျော်သက် ခလေးတွေ ၊ ကျောင်းသား ကျောင်းသူတွေ ကျောင်းဝတ်တွေစုံနဲ့ လောင်းကစားဂိမ်း  ကစားနေကြတာတွေ့ရတယ် ”  ဟု ၎င်းကပြောသည်။

လောင်းကစား လုပ်ငန်းကို အာဏာပိုင်များဘက်မှ ပိတ်ပင်ထားသည်မှာ( ၂ ) နှစ် နီးပါးရှိပြီဖြစ်ကြောင်း၊ ယခု  မည်ကဲ့သို့သောအကြောင်းကြောင့် ပြန်ဖွင့်ခွင့်ပေးသည်ကို မသိရကြောင်း  အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦး က  သျှမ်းသံတော်ဆင့်အားပြောသည်။

“လောင်းကစားများပြန်ဖွင့်နေတာ တစ်လကျော်ပြီ။  အိမ်ဖောက်ထွင်းမှု၊ ဆိုင်ကယ်ခိုးမှု၊ ပိုက်ဆံအိတ်နဲ့ ရွှေဆွဲ ကြိုးဆွဲယူလုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်တယ်၊ ဆယ်ကျော်သက်လူငယ်တွေလည်း မူးယစ်ဆေးရောင်း ဝယ် ဖောက်ကား သုံးစွဲမှုတွေ တိုးပွားလာတာတွေ့ရတယ်”  ဟု ၎င်းက ဆိုသည်။

အလယ်တန်း ကျောင်းဆရာတစ်ဦး က “ တီဗီဂိမ်းလောင်းကစားရုံ  ပြန်လည်ဖွင့်နေတာ အကျင့်ပျက် တဲ့ ကျောင်းပြေးတဲ့ ကျောင်းသား/သူတွေ  အရင်ကထက် ပိုများလာတာ တွေ့ရတယ်” ဟု ပြောသည်။

ယခု အောင်မေတ္တာရပ်ကွက် ဝိပုလ စာသင်တိုက် အနီးရှိ ငါးပစ်ဂိမ်း-တီဗီဂိမ်း လောင်းကစားရုံဖွင့်နေသော နေ ရာသည် ယခင်က တအာင်း စစ်ပြေးရှောင်များနေထိုင်ရာ အဆောက်အဦးဖြစ်ပြီး ပိုင်ရှင်မှာ တအာင်းလူမျိုး ဦးမြင့်ဆန်း(လက်ဖက်ပွဲစား) ဖြစ်ကြောင်း၊ တီဗီဂိမ်းလောင်းကစားရုံ ပိုင်ရှင်မှာ ပန်းစေးပြည်သူ့စစ်နှင့်နီး စပ်သော သူဖြစ်ကြောင်း  ဒေသခံများထံမှသိရသည်။