တန်းတူညီမျှမှုအတွက် သမ္မတနှင့် တိုင်းရင်းသားများ အမြင်ကွဲ

တန်းတူညီမျှမှုအတွက် သမ္မတနှင့် တိုင်းရင်းသားများ အမြင်ကွဲ
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန်၏ ၅၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင်မှုသည် နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည်ဟု ဆိုသော်လည်း တိုင်းရင်းသားများ ဘက်ကမူ တန်းတူညီမျှမှုမရှိဟုသာ ခံစားနေရသည်ဟု ကယား၊ ကရင်နှင့် ရှမ်းတိုင်းရင်းသား အချို့က ဝေဖန်ပြောကြားလိုက်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က "တန်းတူညီမျှမှုရှိတယ်လို့ မခံစားရလို့ ခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာပေါ့။ ကရင်တွေ အစိုးရပြောသလို တန်းတူညီမျှမှုသာ ခံစားရပြီဆိုရင် ဘာမှ ဆက်လုပ်နေစရာ မလိုဘူး" ဟု ပြောသည်။

တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းရောက် ကရင်တိုင်းရင်းသား ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ) တိုင်းပြည်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် တိုင်းရင်းသား တန်းတူညီမျှမှုမရှိခြင်းကြောင့်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ရှုမြင်ကြသည်။

တိုင်းရင်းသားများ အားလုံးတန်းတူရည်တူ ပူးပေါင်းပါဝင်မှုဆိုရာတွင် တိုင်းရင်းသားများအား မိမိတို့လူမျိုး၊ စာပေယဉ် ကျေးမှုအစရှိသည်တို့ကို ကိုယ်ပိုင်စီမံခန့်ခွဲ ပိုင်ခွင့်ပေးရန်နှင့် တိုင်းရင်းသားတို့၏ ဆန္ဒအသံတို့ကို တင်ပြခွင့်ပေးရန်တို့ကို လက်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး KNU ၏ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

"တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုတော့ လက်မခံဘဲ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလေ။ ပူးပေါင်းပါဝင်ခွင့် ပေးဖို့လည်းလိုပါတယ်" ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ရ ရက်က ဘားအံမြို့သီရိကွင်းပြုလုပ်သည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာသည် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပထမဆုံး အကြိမ်အဖြစ် ပေးပို့ခြင်းဖြစ်ကြောင်း ထိုပွဲသို့သွားရောက်ခဲ့သည့့်် ဖလစုံဝေါ်ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ဆိုသည်။

တန်းတူညီမျှမှု ပေးမည်ဆိုလျှင် ဒေသတွင်း စီမံကိန်းများ ပြုလုပ်သောအခါတွင် တိုင်းရင်းသားများကို အသိမပေးဘဲ ပြုလုပ်နေသည်များကိုလည်း စဉ်းစားသင့်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လက်နက်ကိုင်များ၏ နယ်မြေအတွင်း လုပ်ကိုင်ခွင့် ပေးသည့်အခါတွင် လက်နက်ကိုင်များက ကန့်ကွက်ခြင်းကို လက်နက်ကိုင်များက ဖွံ့ဖြိုးရေးကို မလိုလားသကဲ့သို့ ပြောဆိုခြင်းများလည်း မဖြစ်သင့်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ကပင် ပြည်နယ်အတွင်း စီမံခန့်ခွဲခွင့်ကို အပြည့်အဝ မရရှိသေးခြင်းများပင် ရှိနေဆဲဖြစ်သည်ဟု ၎င်းက တိုင်းရင်းသားများ တန်းတူရည်တူရရှိမှုနှင့် ပတ်သက်၍ ထောက်ပြ ပြောကြားသည်။

တန်းတူညီမျှမှုဖြစ်စေရန် လက်ရှိအချိန်တွင် အကောင်းဆုံးအဖြေ တစ်ခုဖြစ်သည့် တိုင်းရင်းသားများလိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သာပေးသင့်ကြောင်းဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ကယားမျိုးဆက်သစ် လူငယ်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ခွန်ဘီတူးကလည်း တန်းတူရည်တူရှိမှုနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသများသည် သွားလာရခက်ခဲခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျသည်ဆိုသော အကြောင်းပြချက်တစ်ခုဖြင့် မလုံလောက်သကဲ့သို့ တိုင်းရင်းများ ကိုယ်တိုင် ရွေးကောက်တင်မြှောက်သည့် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ တစ်ရပ်ဖြင့် ဖြစ်လာသည့် အစိုးရအဖွဲ့ကို ဒေသဖြွံ့ဖိုးရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် ဘဏ္ဍာငွေများချသင့်ကြောင်း သုံးသပ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းချိန်တွင် သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် နိုဝင်ဘာလ ရ ရက်ကို ပြည်နယ်နေ့သတ်မှတ်ခဲ့သည်။