နိုင်ငံတော် သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တိုက်ရိုက်ခန့်ထားသည့် စနစ်အစား သက်ဆိုင်ရာ လွှတ်တော်များက တိုက်ရိုက်ရွေးချယ်ခန့်အပ်ရန် နိုင်ငံရေးပါတီများက အကြံပြုထားကြသည်။
အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာတွင် တိုင်းဒေသကြီးနှင့် ပြည် နယ် ဝန်ကြီးချုပ်ကို လွှတ်တော်များက ရွေးချယ်ခန့်အပ်ရန် အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီတို့က အကြံပြုထားခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁(ခ) အရ သမ္မတသည် ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ရွေးချယ်ကာ ယင်းလွှတ်တော်များ၏ သဘောတူညီချက်ကို ရယူပြီး ခန့်အပ်နိုင်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ရွေးချယ်သည့် အတွက် ဝန်ကြီးချုပ်များသည် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်ထက် သမ္မတကို တာဝန်ခံနေရသည့် သဘော ဖြစ်နေသည်ဟု ဆိုသည်။
၎င်းက “ အဲဒီလိုသမ္မတကို တာဝန်ခံတဲ့အတွက် စီမံကိန်းကြီးတွေမှာ လွှတ်တော်ကို အသိမပေးဘဲ လုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ တွေ့ခဲ့ရပါတယ်” ဟု တယ်လီဖုန်းမှတစ် ဆင့်ဖြေကြားသည်။
အင်န်အယ်လ်ဒီပါတီ၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြည်ထောင် စုအဆင့် ဖြစ်စေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်စေ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြစ်ရန် အရေးကြီးသည်ဟု ဆိုသည်။
၎င်းက “ကျွန်တော်တို့ နေပြည်တော်ကောင်စီနယ်မြေမှာဆို ကောင်စီဥက္ကဋ္ဌကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေက သမ္မတက တိုက်ရိုက်ခန့်တဲ့သူတွေဆိုတော့ ပြည်သူ့မျက်နှာထက် သမ္မတမျက်နှာကြည့်ကြတယ်” ဟု မှတ်ချက်ပြုသည်။
ယင်းပုဒ်မနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ၂၆၁(ခ) ခြေဆင်းတွင် ပါရှိသည့် ‘‘နိုင်ငံတော် သမ္မတသည်” အစား ‘‘သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သည်” ဟု အစားထိုး ပြင် ဆင်ရန်နှင့် ပုဒ်မခွဲ (ခ) (၂) ကို ပယ်ဖျက်ရန် အကြံပြုထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ပုဒ်မခွဲ (ခ) ခြေဆင်းကို “တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့်ရွေးချယ်ပြီး ၎င်း၏အမည်စာရင်းကို နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်” ဟု အကြံပြုထားသည်။
ထို့အပြင် ပုဒ်မခွဲငယ်(၁) တွင်ပါရှိသည့် ‘‘ရွေးချယ်ရမည့်” စကားရပ်အစား “ဆန္ဒမဲဖြင့် ရွေးချယ်ပြီး ၎င်း၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတ ထံပေးပို့ရမည်” ဟု လည်းကောင်း ၊ ပုဒ်မခွဲငယ်(၂) ကို ‘‘နိုင်ငံတော်သမ္မတ သည် ပေးပို့လာသည့် အမည်စာရင်းပါပုဂ္ဂိုလ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်” ဟု လည်းကောင်း ပြင်ဆင်ရန်လည်း ယင်းပါတီကပင် သဘော ထားပေးသည်။
ဒေါ်ညိုညိုသင်းက “ကျွန်မကတော့ ဒီအချက်မှာ လွှတ်တော် (ပြည်ထောင်စု) က ပြင်ပေးမယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။