နေပြည်တော်တွင် ကေတီဗီနှင့် အနှိပ်ခန်းများ ရက်အကန့်အသတ်မရှိ ပိတ်ရန်ညွန်ကြား

နေပြည်တော်တွင် ကေတီဗီနှင့် အနှိပ်ခန်းများ ရက်အကန့်အသတ်မရှိ ပိတ်ရန်ညွန်ကြား
by -
မဇ္စျိမ

နေပြည်တော် ကောင်စီနယ်မြေ ၈ မြို့နယ်တွင်  ဖွင့်လှစ်ထားရှိသော ကေတီဗီနှင့် အနှိပ်ခန်းဆိုင်အားလုံး ပိတ်ထားရန် ရက်အကန့်အသတ် မပါဝင်သော ညွန်ကြားချက် တစ်ရပ်ကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ နိုဝင်ဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက “ထွေ/အုပ် ရုံးက ညွန်ကြားထားတာပါ၊ အဓိက လုံခြံုရေး အတွက်ပေါ့’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် အတည်ပြုသည်။

ယင်းညွှန်ကြားချက်ကို နောက်ထပ်ညွန်ကြားချက်အသစ် မထုတ်မပြန်မချင်း ဆက်လက်တည်မြဲနေမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ညွန်ကြားချက် မလိုက်နာပါက မည်ကဲ့သို့ အရေးယူမည်ဟူသော အချက်မပါ၀င်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြော သည်။

မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ လုံခြုံရေးတင်းကျပ်မှုများ၏ အစိတ်အပိုင်း တစ်ရပ်လည်းဖြစ် သည်။

ပျဉ်းမနားမြို့နယ်ရှိ အမည်မဖော်လိုသော ကေတီဗီဆိုင်မှ မန်နေဂျာက “ဘယ်နေ့ပြန်ဖွင့်ရမယ်ဆိုတာတော့ မသိဘူး ပိတ်ခိုင်းထားတာတော့မှန်တယ်၊ ဝန်ထမ်းကောင်မလေးတွေလည်း နယ်ပြန်ကုန်ပြီ” ဟု မဇ္စျိမသို့ ဖုန်းဖြင့် ဖြေကြား သည်။

နေပြည်တော်တွင် ပြည်သူတို့ သီချင်းဆို အပန်းဖြေအနားယူနိုင်ရန်အတွက် ကေတီဗီဆိုင်များ ဖွင့်လှစ်ခွင့်ပြု ထားသော် လည်း အချို့သောဆိုင်များသည် ကေတီဗီအမည်ခံပြီး အနှိပ်ခန်းများ၊ ပြည့်တန်ဆာ လုပ်ငန်းများ ဆောင်ရွက်နေမှု များကြောင့် မကြာခဏ ဖမ်းဆီးခြင်းခံရလျက် ရှိသည်။

Most read this week